နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးချေးငွေ ချေးယူထားသည့် လယ်သမားများသည် မတ်လ ၁၉ ရက်နေ့ နောက်ဆုံးထား၍ စိုက်ဘဏ်ချေးငွေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး ကြွေးကျန် မဆက်နိုင်သူများကို တရားစွဲအရေးယူမည်ဟု စိုက်ဘဏ်ဝန်ထမ်းများမှ ခေါ်ယူသတိပေးမှုများ လုပ်ဆောင်နေ ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ စိုက်ပျိုးရေးဌာနဝန်ထမ်းများသည် ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာ ခုနစ်ရွာမှ ဒေသခံများကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ခေါ်ယူအစည်းဝေးပြုလုပ်ခဲ့ပြီး ချေးငွေများကို မတ်လ ၁၉ ရက်နေ့ နောက်ဆုံးထားပေးသွင်းရန်နှင့် စိုက်ဘဏ်ချေးငွေ ပြန်မဆက်နိုင်သည့် လယ်သမားများကို တရားစွဲအရေးယူထောင်ချမည်ဟု ပြောဆိုခဲ့ ကြောင်း သိရသည်။

“ချေးငွေက ၂၀၁၈၊ ၂၀၁၉ ခုနှစ် ကချေးပေးထားတာ။ ကိုဗစ်ကာလ ကျန်းမာရေး အဆင်မပြေတာတွေ၊ စိုက်ပျိုးရေးမှာ ရင်းနှီးထားတာတွေ ဆုံးရှုံးခဲ့ပြီး ကြွေးတွေ တင်ခဲ့ရတာ။ ချေးငွေ ထုတ်ခဲ့တဲ့ တောင်သူတွေက ကိုဗစ်ဒဏ်ကို အလူးအလဲ ခံခဲ့ကြရပြီး စိုက်ဘဏ်ချေးငွေတွေ ပြန်မဆပ်နိုင်တော့ဘဲ ထမင်းမငတ်ရုံ လုပ်ကိုင်ခဲ့ရတာ” ဟု ဝါးခယ်မမြို့နယ်ရှိ လယ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

NLD အစိုးရ လက်ထက် ၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ တောင်သူများအား လယ် ၁ ဧကကို ကျပ်ငွေ ၁၅၀,၀၀၀ အထိ စိုက်ပျိုးရေးချေးငွေ တိုးမြင့်ချေးပေးခဲ့ကြောင်း သိရသည်။

“စစ်တပ်အာဏာမသိမ်းခင် (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်) အထိ လယ်သမား တွေရဲ့ဘဝက ပြန်ဆပ်လိုက် ထုတ်လိုက်နဲ့ စိုက်ပျိုးရေးလုပ်ရင်း လည်ပတ်နေခဲ့တာ။ စစ်တပ်က အာဏာသိမ်းတော့ စိုက်ပျိုးရေးစရိတ်ကြီးတာကော၊ ကုန်ဈေးနှုန်း တက်တာကိုပါ ခံနေရတာမို့ စိုက်ဘဏ်ချေးငွေတွေကို ပြန်မဆပ်နိုင်ဘူး ဖြစ်နေတာ” ဟု အဆိုပါ လယ်သမားက ဆက်လက်ပြောကြားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာ၀တီတိုင်းအတွင်းရှိ တောင်သူများသည် အလုပ် သမားရှားပါးမှုပြဿနာ၊ သွင်းအားစုများ ဈေးကြီးမြင့်မှုပြဿနာများကို ရင်ဆိုင်နေ ကြရပြီး စိုက်ဘဏ်က စိုက်ပျိုးရေးချေးငွေကိုလည်း ယခင်ချေးပေးခဲ့သည့်အတိုင်း လယ် ၁ ဧက စိုက်နိုင်သည့်တောင်သူကို ကျပ်ငွေ ၁၀၀၀၀၀ နှုန်းနဲ့သာ ပြန်လည်ချေး ပေးခဲ့ကြောင်း သိရသည်။

” လယ်သမားတွေက အဆင်မပြေမှုတွေကို ဆက်တိုက်ရင်ဆိုင်နေရတာ။ စိုက်ဘဏ် ချေးငွေမလောက်လို့ အပြင်ကနေပါ အတိုးနဲ့ယူပြီး ရင်းနှီးစိုက်ပျိုးခဲ့တာ။ နလန်မထူနိုင် ဘဲ အခက်အခဲ ပေါင်းစုံရင်ဆိုင်နေတဲ့ကာလမှာ စိုက်ပျိုးရေးချေးငွေပါ ပြန်မဆပ် နိုင်ဖြစ်နေတာ” ဟု ဝါးခယ်မမြို့နယ်ရှိ လယ်သမားတစ်ဦးက ဆိုသည်။

လက်ရှိ ဝါးခယ်မ မြို့နယ်အတွင်းရှိ မြဂိုးကြီးကျေးရွာ၊ မြဂိုးလေးကျေးရွာ၊ ကြာကွင်းကျေးရွာ၊ ကျွန်းကြားကျေးရွာ၊ ငှက်ပျောချောင်းကျေးရွာ၊ ထန်းလေးပင်ကျေးရွာနှင့် ဖိုးခမှီဒေါင့်ကျေးရွာများအထိ ကွင်းဆင်း၍ အဆိုပါကျေးရွာမှ လယ်သမားများကို စိုက်ပျိုးရေး ချေးငွေများ ပြန်လည်ပေးဆပ်ရန် ခေါ်ယူသတိပေးခြင်းဖြစ်ကြောင်း သိရသည်။

#ဝါးခယ်မမြို့နယ် #လယ်သမားများ #စိုက်ဘဏ်ချေးငွေ #ပြန်ဆပ် #နောက်ဆုံးရက်သတ်မှတ် #အရေးယူရန်လုပ်ဆောင် #Ayeyarwaddy_Times