
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၁၀ ရက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာတွင် အခြေစိုက် တည်ရှိသည့် မောရဝတီ ရေတပ်စခန်းဌာနချုပ် သင်္ဘောဆိပ်ကို ဒုတိယအကြိမ်အဖြစ် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဒေါနတပ်ခွဲ (၄) ၊ ကံပေါက်ဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KBDF) တာဝန်ရှိသူထံက သိရသည်။
မောရဝတီ ရေတပ်စခန်းဌာနချုပ်၏ သင်္ဘောဆိပ်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီ တပ်သားများကို ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့၊ နံနက် ၈ နာရီခန့်က ဒရုန်း ၂ စီးသုံး၍ ဗုံးသီးချတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အဲဒီ သင်္ဘောဆိပ်မှာက စစ်ကောင် စီတပ်သား ၂၅ ဦးလောက် လုံခြုံရေးယူထားတယ်။ ကျွန်တော်တို့က ဒရုန်း နှစ်စီး သုံးပြီး ဗုံးသီးချတိုက်ခိုက်ခဲ့တာပါ။ ဒရုန်း တစ်စီးက စက်ချို့ယွင်းမှုဖြစ်ပြီး ပျက်စီးခဲ့တယ်။ ဒါကြောင့် ဗုံးသီးနှစ်လုံးသာ ချပြီး တိုက်ခိုက် ခဲ့ရတယ်။ ကျွန်တော်တို့ ရည်မှန်းထားသလိုတော့ ဖြစ်မလာခဲ့ဘူး” ဟု ဒေါန တပ်ခွဲ (၄) ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ် ကိုပြောသည်။
မောရဝတီ ရေတပ်စခန်းဌာနချုပ် သင်္ဘောဆိပ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးအနားရှိ ကျေးရွာများဖြစ်သော ဆင်ကူးရွာ ၊ လယ်ကြီးရွာ ၊ မင်းသားရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် ခဲ့ကြောင်း ဒေသများထံက သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်းရဲ့ တပ်ခွဲများဖြစ်သည့် KBDF တပ်ဖွဲ့ ၊DDT တပ်ဖွဲ့ နှင့် ဝေဟင် တပ်ဖွဲ့တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ထိခိုက်မှု အခြေ အနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း မောရဝတီရေတပ် စခန်းဌာနချုပ်ကို ဒေါနတပ်ခွဲ (၄) ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရသည့် မောရဝတီ ရေတပ်စခန်းဌာနချုပ် သင်္ဘောဆိပ်။
#မောရဝတီရေတပ်စခန်းဌာနချုပ် #ဒုတိယအကြိမ် #ဒရုန်း #ဗုံးသီးချတိုက်ခိုက် #Ayeyarwaddy_Times