ဧရာဝတီတိုင်းမ်
မတ် ၁၀ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီးရွာအနီးရှိ တိုင်းဗဟို-၉ (ခေါ်) အမှတ် (၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက် သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်သားများ ကျောင်းကိုစွန့်ခွာ၍ ကစဉ့်ကလျား ထွက်ပြေးသွားရာတွင် ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

တိုင်းဗဟို-၉ မှထွက်ပြေးသွားကြသည့် စစ်ကောင်စီ၏ကျောင်းအုပ်ချုပ်ရေး ဌာနမှူး ဒုဗိုလ်မှူးကြီးရဲထွဋ်ဝင်းနှင့် အဖွဲ့သည် ကျေးရွာများမှ ဒေသခံ အရပ်သားပြည်သူ ၂၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း AA- က ထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခံရသူများကို AA က လိုက်လံကယ်ထုတ်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့်အဖွဲ့ကို ပြီးခဲ့သည့် မတ်လ ၈ရက်နေ့ နံနက် ၆နာရီ ၃၀မိနစ်ခန့်က အသေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယခုရက်သတ္တပတ်အတွင်း စခန်းအချို့ဆုံးရှုံး လက်လွှတ်ခဲ့ရသော နေရာများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျားဖြင့် ခြေဦးတည့်ရာဆီသို့ လွတ်မြောက်ရန် ကြိုးစားနေကြသောကြောင့် ပြန့်ကြဲ ထွက်ပြေးနေကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို AA မှ တစ်ယောက်မကျန် ဖမ်းဆီးရမိစေရန် လိုက်လံကြိုးပမ်း ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောတောင်များထဲတွင် အုပ်စုငယ်များ အနေနှင့်သော်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း ရှိနေနိုင်ဆဲဖြစ်ပြီး ဒေသခံများအနေဖြင့် နေ့၊ ည သွားလာသောအချိန်များတွင် သတိထား သွားလာကြရန်၊ လုံခြုံရေးသတိ ထားကြရန် AA က အသိပေးထားသည်။

ယမန်နေ့ မတ်လ ၉ ရက်နေ့တွင် စစ်ကောင်စီသည် စစ်တွေမြို့မှ ရသေ့တောင် မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် တစ်ဆယ်ကျော် မီးလောင်ပျက်စီးခဲ့ရ‌ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို စစ်သင်္ဘောနေဗီပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့အပြင် ဂျက်တိုက်လေယာဉ်၊ Y-12 ၊ ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းတို့ကို တစ်နေကုန်ပြုလုပ်နေခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ရက္ခိုင်ဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အချိန် မနှောင်းခင် လက်နက်ချရန်၊ အလံဖြူထောင်ရန် AA က ထပ်မံသတိပေး လိုက်ပြီး စောစီးစွာ လက်နက်ချပါက စောစီးစွာ အသက်ရှင်ခွင့် ရမည်ဖြစ်ကာ လက်နက်ချ အညံ့ခံရန်ပြောသော်လည်း အညံ့မခံသော စခန်းတိုင်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် သွားမည်ဟု AA က သတိ‌ပေးထားသည်။

#မင်းပြား #ကမ်းနီ #တိုင်းဗဟိုတတက၉ #စစ်ကောင်စီ #လူသားဒိုင်း #Ayeyarwaddy_Times