အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ကပ်ပုန်းမြို့တွင် တရားမဝင် လာရောက်နေထိုင်သည့် မြန်မာနိုင်ငံသား အယောက် ၅၀ နီးပါး ဖမ်းဆီးခံထားရကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားများထံက သိရသည်။

ကပ်ပုန်းမြို့တွင် ယမန်နေ့ မတ်လ ၉ ရက်နေ့ မလေးစံတော်ချိန် နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်က ကပုန်းကွင်းဆက် လူကုန်ကူးမူးဖြင့် မလေးရှား ထောက်လှမ်းရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့များက ရှောင်တခင်ဝင်ရောက် စီးနင်းဖမ်းဆီးရာ မြန်မာနိုင်ငံသား အများပြား ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“ကပုန်းကွင်းဆက် လူကုန်ကူးမူးနဲ့ နှစ်နေရာ ဝင်ဖမ်းတယ်။ ကပုန်းဘက် တိုက်ခန်း တစ်ခုမှာ အယောက် ၂၀ ဝန်းကျင်၊ Alam jaya ဘက် ၂၀ ကျော်၊ စုစုပေါင်း မြန်မာနိုင်ငံသား အယောက် ၅၀ ဝန်းကျင် ဖမ်းဆီးခံရတယ်။ တရားမဝင်လမ်းကြောင်းကနေ မြန်မာနိုင်ငံ သားတွေ ခေါ်ယူနေတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ဝင်ဖမ်းတာ။ ပွဲစားတွေက ထွက်ပြေးလို့ လွတ်မြောက်သွားတယ်” ဟု မလေးရှားရောက် မြန်မာနိုင်ငံသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့်အထဲတွင် ချင်းပြည်နယ်မှ မလေးရှားသို့ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာကြသည့် လူသစ်များ အများအပြားပါဝင်နေပြီး ၎င်းတို့ကို ခေါ်ယူနေသည့် ပွဲစားများသည် ထွက်ပြေးလွတ်မြောက်သွား၍ မလေးရှား ထောက်လှမ်းရေးနှင့် ရဲတပ်ဖွဲ့များက လိုက်ရှာနေဆဲဖြစ်ကြောင်း သိရသည်။

ကွာလာလမ်ပူမြို့၊ ဘူကစ်ဘင်တန်းတွင် ပြီးခဲ့သည့် မတ်လ ၈ ရက်၊ ညနေ ၇ ဝန်းကျင်တွင် မလေးရှား ရဲတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်ဖမ်းဆီးရာ အနှိပ်ခန်းတွင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာနိုင်ငံသား အယောက် ၇၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။

ပုံစာ- မတ်လ ၈ ရက်နေ့ ဘူကစ်ဘင်တန်းတွင် မလေးရှားရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးနေစဥ်။
#မလေးရှား #ကွာလာလမ်ပူ #တရားမဝင်မြန်မာနိုင်ငံသားများ #ဖမ်းဆီး #Ayeyarwaddy_Times