
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၁၀ ရက်
စစ်မှုမထမ်းမနေရ ပြည်သူ့စစ်ဥပဒေဖြင့် သန်လျင်မြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရပ်ကွက်အချို့တွင် အမျိုးသားလူငယ်များ၏စာရင်းကို စစ်ကောင်စီက လိုက်လံကောက်ယူနေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၈ ရက်နေ့က သန်လျင်မြို့နယ် ဗိုလ်ချုပ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက သန်းခေါင်စာရင်းပါ အမျိုးသားလူငယ်ဦးရေစာရင်းကို လိုက်လံကောက်ယူခဲ့ကြောင်း သိရသည်။
“အကိုက အသက်တော့ပြည့်တယ်။ အိမ်ထောင်ရှိနေ တယ်လို့ပြောတော့ စာရင်းတော့ကောက်သွားတယ်။ ရုံးကိုလာတွေ့ပြီး အိမ်ထောင်သက် ၃ နှစ်ကျော်ရင် ပယ်ဖျက်ပေးမယ်လို့ ပြောတယ်။ လမ်းထဲက အသက် ၂၁ နှစ်နဲ့ ၂၀ ကျော်ကောင်လေး လူလွတ်နှစ်ယောက်လည်း စာရင်းပါသွားတယ်။ စာရင်းပါပြီးမှ လူမရှိတော့ရင် နေအိမ်မှာ သက်သေရှိတဲ့လူကို ဖမ်းမယ်ပြောတယ်”ဟု သန်လျင်မြို့ ဗိုလ်ချုပ်ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စာရင်းများကောက်ယူရာတွင် အသက်ပြည့်မီသည့် အမျိုးသားဆိုပါက စာရင်းကောက်ယူသွားမည်ဖြစ်သော်လည်း အသက်ပြည့်ပြီးသူဆိုပါက အိမ်ထောင်သက် ၃ နှစ်ပြည့်လျှင် စာရင်းပယ်ဖျက်ခွင့်ရှိကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ပြောဆိုခဲ့သည် ဟု သိရသည်။
ယင်းသို့ စာရင်းကောက်ယူသွားသော်လည်း စစ်မှုထမ်းရန်အတွက် ဧပြီလအတွင်း သင်္ကြန်ရက်အပြီးမှသာ ခေါ်ယူရန် လာရောက်အကြောင်းကြားမည် ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများသည် မတ်လ ၈ ရက်နေ့တစ်ရက်တည်းတွင်ပင် ဒဂုံ ဆိပ်ကမ်း မြို့နယ်ရှိ ၉၄ ရပ်ကွက်တွင်လည်း လူငယ်များ၏ စာရင်းကို လိုက်လံကောက် ယူခဲ့ကြောင်း သိရသည်။
“တစ်လမ်း၀င် တစ်လမ်းထွက်၀င်ပြီး ယောက်ျားလေးတွေ စာရင်းကောက်သွားတာ။ ကောက်ခံရတဲ့လူတွေ ခရီးမထွက်ဖို့နဲ့ ပြည်ပထွက်ခွာခွင့်လည်း လုံး၀မရှိဘူး လို့လည်း ပြောတယ်။ သတိပေးတဲ့ကြားက နိုင်ငံခြားထွက်ရင် အခုသက်သေယူသွားတဲ့လူတွေ အဖမ်းခံရမယ်လို့လည်း ပြောတယ်”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်နေထိုင်သူက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
စစ်မှုထမ်းရန် စာရင်းပါရှိသူသည် ပြည်တွင်း၌မရှိဘဲ ပြည်ပရောက်နေပါက ပြန်လည် ခေါ်ယူထားရန်နှင့် ပြည်တွင်းခရီး ထွက်နေပါကလည်း မည်သည့်နေရာကိုမှ စေလွှတ်ခြင်း မပြုရန် ပြောဆိုခဲ့ပြီး ယခုစာရင်းပါသည့်နေ့မှစ၍ ပြည်ပထွက်ခွာခွင့်မရှိတော့ဟု ခြိမ်းခြောက်ပြောဆိုမှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း မြို့နယ်အတွင်းနေထိုင်သူများက ဆိုသည်။
စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းရန်အတွက် အကျုံး၀င်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းရှိပြီး အပတ်စဉ်တစ်ခုလျှင် ၅၀၀၀ နှုန်းဖြင့် လာမည့် ဧပြီလသင်္ကြန်အပြီးတွင် စတင်ခေါ်ယူမည်ဖြစ်ပြီး လတ်တလောတွင် အမျိုးသားများကို ဦးစားပေး ခေါ်ယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။
#ရန်ကုန် #သန်လျင် #ဒဂုံဆိပ်ကမ်း #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ရာအိမ်မှူး #စစ်မှုထမ်းရန် #လူငယ်များ #စာရင်းကောက်ယူ #Ayeyarwaddy_Times