ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ကိုင်းသောင်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ပထမပတ်ကစတင်၍ ရပ်ကျေးအုပ်ချုပ်ရေး စာရေးဖြစ်သူက ဒေသခံလူငယ်များကို စစ်မှုထမ်းရန်စာရင်းတောင်းယူနေပြီး စာရင်းပါရှိသူမိသားစုဝင်များထံမှ တပ်ရိက္ခာ ကြေးအဖြစ် ငွေကျပ် ၁၀၀၀၀ ပေးရန် အတင်းအကျပ် ကောက်ယူနေကြောင်း‌ ကျေးရွာ ဒေသခံများထံက သိရသည်။

လပွတ္တာမြို့နယ် ကိုင်းသောင်ကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် စာရေးဦးဝင်းနိုင် ဆိုသူက ဒေသခံလူငယ်များ စစ်မှုထမ်းရန် အတွက် သုံးလကြာသင်တန်းတက် ရောက်ရမည်ဖြစ်ပြီး တစ်အိမ်လျှင် လူငယ်တစ်ဦးစီဖြင့် လူငယ်အယောက် ၃၀၀ ဦးထက် မနည်းကို အတင်းအကျပ် စာရင်းကောက်ယူမှုပြုလုပ်နေကြောင်း စာရင်း ကောက်ယူခြင်းခံခဲ့ရသူ လူငယ်များ၏ မိသားစုဝင်များထံက သိရသည်။

“ စာရေးဦးဝင်းနိုင်က စစ်မှုထမ်းဖို့ဆိုပြီးရွာထဲကကောင်လေးတွေကို အတင်းစာရင်း ကောက်သွားတယ်။ တစ်အိမ်ကို တစ်ယောက်နှုန်းနဲ့ကိုစာရင်းယူသွားတာ။ အိမ်က သားလည်းပါသွားပြီ”ဟု အတင်းအကျပ် စာရင်းကောက်ယူခံရသူ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ စာရင်းကောက်ယူခံရသည့် အိမ်ထောင်စုများထံမှ တပ်ရိက္ခာအကြောင်းပြ၍ တစ်အိမ်လျှင် ငွေကျပ်၁၀၀၀၀ ထက်မနည်းအတင်းအကျပ် ကောက်ခံမှုများရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်ကျေးရွာဒေသခံများက ဆိုသည်။

“ စာရင်းယူရုံတင်မကဘူး တစ်အိမ်ကို ငွေတစ်သောင်းပါ ကောက်သွားသေးတယ်။ တပ်ရိက္ခာကော သင်တန်းတက်စရိတ်အတွက်ရော ဆိုပြီးအတင်းတောင်းသွားတာ။ မပေးနိုင်တဲ့သူတွေဆိုရင်ချေးငှားပြီးပေးလိုက်ရတယ်။ အုပ်ချုပ်ရေးမှူးကတစ်မျိုး၊ စာရေးကတစ်မျိုးနဲ့ အမျိုးမျိုးကိုဒုက္ခခံနေရတာ။ စာရေးဝင်းနိုင်ဆိုတာ သူ့သားကရဲတပ်သားအဆင့်ပဲရှိတယ်။ အဲ့တာကိုအသုံးချပြီးရွာထဲက ကောင်လေးတွေကို အတင်းစာရင်းလိုက်ကောက်တယ်။ မပေးရင်လည်း အဖမ်းခံရဦးမယ်။ အဲ့ဒီလိုမျိုး ရွာကိုဒုက္ခပေးနေတာ”ဟုကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကျေးရွာဒေသခံတစ်ဦးက ဆိုသည်။

စစ်မှုထမ်းရန် စာရင်းကောက်ယူခံရသည့် လူငယ်အများစုသည် ငါးဖမ်းတံငါ လုပ်ငန်းလုပ်ကိုင်သူများဖြစ်ပြီး စစ်မှုထမ်းရန်သင်တန်းတက်ရောက်ခဲ့ပါက ကျန်ရစ်သည့် မိသားစုဝင်များအနေဖြင့်အခက်အခဲများဖြင့် ရင်ဆိုင်ရနိုင်ကြောင်း စစ်မှုထမ်းရန် စာရင်းပါရှိသူ မိသားစုဝင်များထံကသိရသည်။

လပွတ္တာမြို့နယ်တွင်ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ရက်နေ့က စတင်၍ မြို့တွင်း ရပ်ကွက်နှင့်ကျေးရွာအလိုက် စစ်ကောင်စီတပ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်းရန်အကြောင်းပြ၍ လူငယ် ၅၀၀ ဦးထက်မနည်းကို အတင်းအကျပ် ဖမ်းဆီးမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဓာတ်ပုံ-CJ

#လပွတ္တာမြို့နယ် #ကိုင်းသောင်ကျေးရွာ #လူငယ်များစစ်မှုထမ်းရန် #စာရင်းကောက်ယူ #တပ်ရိက္ခာကြေး #၁၀၀၀၀ကျပ် #ထပ်မံတောင်းယူ #Ayeyarwaddy_Times