
ဧရာဝတီတိုင်းမ်
မတ် ၉ရက်
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ် ရဲစခန်းမှ စခန်းမှူးဝင်းကိုနှင့် တပ်ဖွဲ့ဝင်များ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံ လက်နက်ချအညံ့ခံခဲ့ကြောင်းသိရသည်။
ယနေ့ မတ်လ ၉ရက်နေ့တွင် ဆွမ်ပရာဘွမ်ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဝင်းကိုနှင့် တပ်ဖွဲ့ဝင်၁၃ဦး KIA တပ်မဟာ (၁) ထံလက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” စခန်းမှူးနဲ့အဖွဲ့ လက်နက်ချအညံ့ခံလာတာမှန်ပါတယ်။ မနေ့ကတည်းက ဆွမ်ပရာဘွမ်မြို့ထဲက တပ်စခန်း သံုး ခုကို ဝင်တိုက်နေတော့ လက်နက်ချဖို့ ညှိနှိုင်းလာတာပါ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
KIA တပ်မဟာ (၁) နှင့် တပ်မဟာ(၇)တို့ပူးပေါင်း၍ ဆွမ်ပရာဘွမ်မြို့တွင်း အခြေစိုက် ခလရ-၄၆ တပ်ရင်းအပါအဝင် တပ်စခန်း သံုးခုကို ယမန်နေ့ မတ်လ ၈ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ ဒိန်ဝါရွမ်စခန်းကို သိမ်းဆည်းနိုင်ပြီးနောက် ဆွမ်ပရာဘွမ်ရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ KIA ထံ လက်နက်ချအညံ့ခံလာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီ၏ ဒိန်ဝါရွမ်စခန်းသည် မလိယာန်အနီးတဝိုက် ဆွမ်ပရာဘွမ်နှင့် ၅မိုင်ခန့်သာကွာပြီး KIA က ယမန်နေ့ မတ်လ ၈ရက်နေ့ မွန်းလွဲ ၂နာရီက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ည ၁၁နာရီတွင် စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ချ အညံ့ခံသူများလည်းရှိကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ မတ်လ ၈ရက်နေ့ကလည်း ဒေါ့ဖုန်းယမ်ရှိ စစ်ကောင်စီ၏ ခလရ-၁၄၂မှ တပ်ဖွဲ့ဝင်များ KIA ထံ အလံဖြူထောင်လက်နက်ချအညံ့ခံခဲ့ကြသည်။
မတ်လ ၇ရက် နေ့က ပြန်လည်စတင်ခဲ့သည့် ကချင် ပြည်နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီသည် လေယာဉ်ဖြင့် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် မြစ်ကြီးနား- ဗန်းမော်ကားလမ်းတလျောက်ရှိရွာများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ထို့အပြင် မြစ်ကြီးနား- ဗန်းမော်၊ မြစ်ကြီးနား- ဖားကန့်၊ မြစ်ကြီးနား -တနိုင်း ဘက်သို့ သွားလာနေသူများထံမှ ဖုန်းနှင့် စာရွက်စာတမ်းများကို စစ်ဆေးလျက်ရှိပြီး KIAနှင့်ပတ်သက်သည်ဟု စွပ်ဆွဲ၍ ဖမ်းဆီးခံထားရသူများလည်းရှိကြောင်းသိရသည်။
#ဆွမ်ပရာဘွမ် #ရဲစခန်း #စခန်းမှူး #လက်နက်ချ #အညံ့ခံ #Ayeyarwaddy_Times