
ဧရာဝတီတိုင်းမ်
မတ် ၉ ရက်
မလေးရှားနိုင်ငံအစိုးရက မြန်မာအပါအဝင်နိုင်ငံခြားသားအလုပ်သမား ခေါ်ယူခွင့် ( KSM Approval) ချထားပေးမှုအား ၂၀၂၃ ခုနှစ် မတ်လမှစတင်ပြီးရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းကြေညာထားသည်။
လက်ရှိတွင် KSM Approval ခေါ်ယူခွင့် ခွင့်ပြုချက်ရထားပြီး သက်တမ်း ၁၈ လအတွင်း မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမား ခေါ်ယူမည့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများက မလေးရှားနိုင်ငံ၊ လူဝင်မှုကြီး ကြပ်ရေးဌာနသို့ calling Visa ( အလုပ်လုပ်ခွင့်ဗီဇာ) ဖြင့်ခေါ်ယူလျက်ရှိကြောင်း သိရသည်။
လက်ရှိမတ်လကုန်ထိ မလေးရှားနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန် Calling ဗီဇာ မရထားပါက သွားရောက်အလုပ်လုပ်ကိုင်နိုင်ခွင့်မရှိကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။
“မလေးမှာက စက်ရုံပိုင်ရှင်တွေက တရုတ်တွေများတော့ နိုင်ငံခြားသားအလုပ်သမားတွေကိုပဲအားကိုးနေရတာ။ မလေးမွတ်ဆလင်တွေကလည်းအလုပ်မလျှောက်ကြဘူး။ စက်ရုံအလုပ်ကိုမလုပ်ချင်ကြဘူး။ တရုတ်ဆိုင်တွေဆို မြန်မာတွေပဲခန့်ချင်ကြတာ” ဟု မလေးရှားနိုင်ငံရှိ ကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
နိုင်ငံခြားသားအလုပ် သမားများအတွက် Calling Visa ကို မတ်လ ၃၁ ရက်နေ့မတိုင်ခင်အပြီးလျှောက်ရမည်ဖြစ်ပြီး Calling Visa လျှောက်ထားခြင်းမရှိပါက ဧပြီ ၁ ရက်နေ့တွင် ပယ်ဖျက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ၊ ပြည်ထဲရေးဝန် ကြီးဌာနနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအခက်အခဲဖြစ်၍ နေရပ်ပြန်လိုပါက မလေးရှားအစိုးရထံတွင် ဒဏ်ကြေးပေးဆောင်ပြီးပြန်နိုင်ကြောင်း ကွာလာလမ်ပူရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက ဖေဖော်ဝါရီလတွင်ထုတ်ပြန်ထားသည်။
ထို့ပြင်မလေးရှားအစိုးရက မြန်မာနိုင်ငံသားအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များကို ရာဇဝတ်သားများသဖွယ် ဖမ်းဆီး၊ ထိန်းသိမ်းထားကြောင်း နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ ( HRW) ကလည်း ယခုရက်ပိုင်းအတွင်း သတင်းထုတ်ပြန် ခဲ့သည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#မလေးရှား #callingvisa #နိုင်ငံခြားသားအလုပ်သမား #အလုပ်လုပ်ခွင့် #Ayeyarwaddy_Times