
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၉ ရက်
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA) နှင့် မဟာမိတ်အဖွဲ့တို့ ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီက အလုံးစုံဖျက်ဆီးရေး လုပ်ဆောင်နေပြီး နေ့စဉ်ဆက်တိုက် လက်နက်ကြီး၊ လေယာဉ်များအပြင် ဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း PNLA ထံက သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို မတ် ၆ ရက်က စစ်ကောင်စီသည် ဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့ရာ PNLA ရဲဘော်များ အရေပြား ယားယံခြင်း၊ မူးဝေခြင်း၊ အသက်ရှူ မြန်ဆန်ခြင်း၊ မအီမသာ ခံစားရခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မောပန်းခြင်းနှင့် အောက်စီဂျင် ကျခြင်းများကို ပုံစံတူ ခံစားခဲ့ရကြောင်း သိရသည်။
ထိုသို့ ပုံစံတူ ခံစားရသောကြောင့် လက်ရှိတွင် အဆိုပါရဲဘော်များ ဆေးဝါးကုသမှု ခံယူနေရပြီး မည်သို့သော အဆိပ်မျိုး ဖြစ်မည်ဆိုခြင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“သူတို့ အဆိပ်ငွေ့ဗုံးကြဲတာ တိုက်ပွဲဖြစ်ပွားမှု မရှိဘူး။ တမင်သက်သက် အဆိပ်ငွေ့ဗုံးနဲ့ လာပြီးတိုက်ခိုက်တာ ဖြစ်တယ်။ ဒါက အလုံးစုံ ပျက်စီးရေးဆိုတဲ့ ပုံစံအတိုင်း စစ်ကောင်စီက လုပ်နေတာကို တွေ့နေရတယ်။ အဆိပ်ငွေ့ကို ရှုမိတာက ပြည်သူ့အချိူ့လည်း ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ရဲဘော်တွေလည်း ပါတယ်ပေါ့နော်။ ကျွန်တော်တို့ ရဲဘော် ရှစ် ဦးကတော့ အခုထိ ကုသမှု ခံနေရဆဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် မတ် ၇ ရက်ေန့တွင်လည်း စစ်ကောင်စီက ဆီဆိုင်မြို့နယ်အတွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းများ အသုံးပြု တိုက်ခိုက်ခြင်းကြောင့် နေအိမ် ခြောက်လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသကို စစ်ကြောင်းထိုးရန်အတွက် ပအိုဝ်းအမျိုးသား ဝတ်စုံကို ဝတ်ဆင်ေစ၍ အင်အားဖြည့်တင်းခဲ့ကြောင်း PNLA ပြောရေး ဆိုခွင့်ရှိသူထံက သိရသည်။
“ပအိုဝ်းအမျိုးသားဝတ်စုံကို ဝတ်ပြီးတော့ စစ်ကြောင်းထိုးတယ်။ ဟိုပုံးဘက်ကနေ မဲနယ်တောင်ဘက်ကို ထိုးလာတာ။ ဒီကမ္ဘာမှာ ဘယ်စစ်တပ်ကမှ အမျိုးသားဝတ်စုံ ဝတ်ပြီးတော့ စစ်မတိုက်ဘူး။ အခုက ပအိုဝ်းအမျိုးသား ဝတ်စုံကို ဝတ်ပြီးတော့ ပအိုဝ်းဒေသကို ပြန်လည်ဖျက်ဆီးတဲ့ အကြမ်းဖက် လုပ်ရပ်တွေ လုပ်တယ်ဆိုတာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်ပေါ့နော်” ဟု PNLA ပြောရေး ဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ စစ်ကောင်စီကမူ ဆီဆိုင်မြို့တွင် ယင်းနေ့က မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်း မရှိသလို ၎င်းတို့အနေဖြင့် လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ဓာတုအဆိပ်ငွေ့ ဗုံးများ အသုံးပြု တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း ယနေ့ မတ် ၉ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာမှတဆင့် ငြင်းဆိုခဲ့သည်။
ယင်းအပြင် ဆီဆိုင်မြို့အတွင်းသို့ မတ် ၇ ရက်က ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်းမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA) နှင့် မဟာမိတ်အဖွဲ့တို့သာ ဖြစ်သည်ဟု စစ်ကောင်စီက တန်ပြန်စွပ်စွဲခဲ့ပြီး နေအိမ်အချို့ မီးလောင်ပျက်စီးကာ ပြည်သူများထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ၎င်းတို့တပ်အင်အား ဖြည့်တင်းရာတွင် ပြည်သူလူထု၏ ကားများကို ချောဆွဲခဲ့သလို ပအိုဝ်းအမျိုးသား ဝတ်စုံအား စစ်ယူနီဖောင်းအဖြစ် အသုံးပြု ဝတ်ဆင်ကာ ပအိုဝ်းဒေသအား အကြမ်းဖက် တိုက်ခိုက်ခြင်းသည် ပအိုဝ်းတို့၏ အမျိုးသားဂုဏ်အင်္ဂါ လက္ခဏာကို ဖျက်ဆီးခြင်းနှင့် စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းအပြင် အင်မတန်မှ ရက်စက်ယုတ်မာ၊ အောက်တန်းကျသော လုပ်ရပ်များဖြစ်ကြောင်း PNLA က ဆိုသည်။
အလားတူ စစ်ကောင်စီသည် ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာကိုလည်း ယမန်နေ့ မတ် ၈ ရက်နေ့က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၅၀ နှစ်အရွယ်ရှိ ဒေသခံပြည်သူ ဦးခွန်ထွန်း သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောက္ကဆျားကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာမဟုတ်သလို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်စွဲထားသည့်နေရာမဟုတ်ကြောင်း သိရသည်။
ဓာတ်ပုံ- PNLA
#စစ်ကောင်စီ #ပအိုဝ်းဒေသ #ဓာတုအဆိပ်ငွေ့ဗုံး #ပအိုဝ်းအမျိုးသားဝတ်စုံ #စစ်ကြောင်းထိုး #Ayeyarwaddy_Times