မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၉ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် မြစ်ကြီးနားလေဆိပ်ကိုပါ အရေးပေါ်ပိတ်လိုက်ကြောင်း သိရသည်။

ယမန်နေ့ မတ် ၈ ရက်နေ့က မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းအဖွဲ့များ ရှော့တိုက်ဒုံးဖြင့် သုံးကြိမ်ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ယနေ့ မတ် ၉ ရက်နေ့တွင် မြစ်ကြီးနား လေဆိပ်ကို အရေးပေါ် ပိတ်ထားလိုက်ကြောင်း ဒေသခံအချို့ထံက သိရသည်။

“ညက မြစ်ကြီးနားလေဆိပ်နားမှာ လက်နက်ကြီးသံ တွေကြားရတယ်။ မြို့ပေါ်ရောက် လာတယ်ထင်တယ်။ မြို့ပေါ်က လေဆိပ်တွေ အရေးပေါ်ပိတ်လိုက်တယ် ကြားတယ်။ နောက်ဆက်တွဲတော့ မသိသေးဘူး”ဟု မြစ်ကြီးနားမြို့နေ အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် မတ် ၇ ရက်နေ့ကလည်း ဗန်းမော်မြို့ရှိ လေယာဉ်ကွင်းပစ်ခတ်ခံရသည့်အတွက် လေ ကြောင်း ခရီးစဉ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် မတ် ၇ ရက်နေ့ကစတင်ခဲ့သည့် တိုက်ပွဲများနှင့် စစ်ကောင်စီ လေတပ်စခန်းတို့ပါ တိုက်ခိုက်ခံခဲ့ရသည့်အတွက် မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို မြို့နယ်များရှိ လေယာဉ်ခရီးစဉ်များနှင့် လေဆိပ်များကို အရေးပေါ် ပိတ်လိုက် ကြောင်း သိရသည်။

ယမန်နေ့ မတ် ၈ ရက်နေ့က KIA ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများသည် မြစ်ကြီးနား လေတပ်စခန်း အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ်နှင့် အခြားအမျိုးအမည်စုံစမ်းဆဲ ရဟတ်ယာဉ်တစ်စီးတို့ ထိမှန်ပျက်စီး ခဲ့ကြောင်း သိရသည်။

#ကချင် #မြစ်ကြီးနား #လေတပ်စခန်း #ပစ်ခတ်ခံရ #မြို့ပေါ် #လေဆိပ်များ #အရေးပေါ်ပိတ် #Ayeyarwaddy_Times