
ဧရာဝတီတိုင်းမ်
(ဖြူး)၊ မတ် ၉ ရက်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာ၊ အုတ်ဖြတ်ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ယနေ့ မတ် ၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က အောက်ခုံကျေးရွာသို့ ဒရုန်းဖြင့်ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အုတ်ဖြတ်ရဲစခန်းမှ ယနေ့နံနက်ပိုင်းတွင်း ဒရုန်းအသုံးပြု၍ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ နှစ် ဦးသေဆုံးခဲ့ပြီး သုံး ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သေဆုံးသူ နှစ်ဦးမှာ မုန်းမြို့၊ ၃ရပ်ကွက်နေ ကိုဟန်ဝင်းအောင်(၄၀) နှစ်နှင့် ဖြူးမြို့နယ်၊ သောင်ပုရွာနေ ဦးရွှေမောင်(၅၀) နှစ်တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ဖြူးမြို့နယ်၊ သောင်ပုရွာနေ ဒေါ်တင်မြင့် ၃၀ နှစ်၊ ကိုဇော်လင်း ၃၅ နှစ် နှင့် အမည်သိရခြင်းမရှိသည့် အမျိုးသားတစ်ဦး တို့ဖြစ်ကြောင်း သိရသည်။
“ဒရုန်းတွေက အသုံးများလာတယ်။ အခုလက်ရှိ သူတို့ဘက်က ဒရုန်းသင်တန်းဆင်းတာတွေ ဒရုန်းဖြည့်ဆည်းတာတွေရှိတယ်။ ဒရုန်းသုံးလာတော့ လေယာဉ်အသုံးပြုမှုနည်းသွားတာတော့ရှိတယ်။ အဓိကကတော့ သူတို့ပစ်မှတ်တွေက ပြည်သူလူထုကိုပဲ အဓိကထားတာမျိုးဖြစ်နေတယ်။ လေယာဉ်နဲ့ ဗုံးကြဲလည်း ဒီတိုင်းပဲ လက်နက်ကြီးပစ်လည်း ဒီတိုင်းပဲ၊ အခု ဒရုန်းအသုံးပြုလည်း ဒီတိုင်းပဲ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ဖြူးမြို့နယ်အတွင်း လက်နက်ကြီးများ၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ယမန်နေ့ မတ် ၈ ရက်နေ့တွင်လည်း ဖြူးမြို့နယ်၊ ဘုရားလဟာ ကျေးရွာအတွင်းသို့ စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ လေး ဦးသေဆုံးခဲ့ကာ လေး ဦး ဒဏ်ရာရရှိခဲ့သည်။
မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက အာဏာသိမ်းလိုက်သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ မှ စတင်ပြီး ၂၀၂၄ခုနှစ်၊ မတ် ၈ ရက်နေ့အထိ ကောက်ယူရရှိသည့် စာရင်းများအရ စစ်ကောင်စီနှင့် ၎င်းတို့လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွင်မှာ ၄၆၅၄ ဦးအထိရှိပြီး ၃၁၂ ဦးမှာ ပဲခူးတိုင်းအတွင်းမှ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထံက သိရသည်။
ဓာတ်ပုံ – ပေးပို့
#ဖြူး #အုတ်ဖြတ်ရဲစခန်း #စစ်ကောင်စီတပ် #ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် #ဒေသခံသေဆုံး #Ayeyarwaddy_Times