
ဧရာဝတီတိုင်းမ်
မတ် ၉ ရက်
စစ်ကောင်စီလက်ထက်၌ တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်း ပွင့်လင်းမြင်သာမှုလုပ်ငန်းစဉ် ( EITI) အကောင်အထည်ဖော်ရေးတွင် အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ်မှ မြန်မာနိုင်ငံထုတ်ပယ်ခံရကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇူလိုင်တွင် မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်ပြီး ဆယ်နှစ်အကြာတွင် အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ်မှ ထုတ်ပယ်ခံရလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သဘာဝသယံဇာတများတူးဖော်ရာတွင် ပွင့်လင်းလင်းမြင်သာမှုရှိစေရန်ဖော်ဆောင်နေသော EITI လုပ်ငန်းများကို နိုင်ငံမတည်ငြိမ်မှုနှင့်အတူ ပဋိပက္ခများကြောင့် ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် အဖွဲ့လောင်းနိုင်ငံအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း EITI က ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ EITI လုပ်ငန်းစဉ်တွင် အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများပါဝင်ပြီး တွင်းထွက်သယံဇာတများ တူးဖော်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် လုပ်ဆောင်ရခြင်းဖြစ်ကာ လက်ရှိချိန်တွင် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ ဒီအခြေအနေနဲ့ ဘယ်လိုအလုပ်လုပ်မလဲ။ EITI လုပ်ဖို့က သုံးဦးသုံးဖလှယ်ပါဝင်ရတာ။ အရင်လုပ်ထားတာ တွေအကုန်ဆုံးရှုံးကုန်တယ်။ credit ရဖို့လုပ်တာတွေ။ အခုအနေအထားနဲ့ဘာမှလုပ်မရပါဘူး။ ဘာတွေ ဘယ်လိုတူးနေလဲမသိရဘူး။ စောင့်ကြည့်မယ့်သူလည်းမရှိတော့ဘူး။ သဘာဝသယံဇတတွေကုန်မှာပါပဲ” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးတတ်ကြွလှုပ်ရှားသူတစ်ဦး က ပြောသည်။
မြန်မာနိုင်ငံ EITI အကောင်အထည်ဖော်ရေးအနေဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် တွင်းထွက်သယံဇတများ ထုတ်ယူမှုနှင့်ပတ်သက်ပြီး ပထမဦးဆုံးအစီရင်ခံစာကို ၂၀၁၅ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ၂၀၁၄- ၂၀၁၅ ခုနှစ်နှင့် ၂၀၁၅ – ၂၀၁၆ ခုနှစ်အတွက် EITI အစီရင်ခံစာတွင် သစ်ထုတ်ယူမှုများနှင့် ပတ်သတ်ပြီး သစ်တောကဏ္ဍာအစီရင်ခံစာထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် မေလတွင် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ဦးဆောင်ကော်မတီဖွဲ့စည်းပြီး၊ မြန်မာနိုင်ငံအနေဖြင့် EITI အဖွဲ့ဝင်နိုင်ငံအဖြစ်ရောက်ရေးကြိုးစားမည်ဟု ပြောဆိုထားပြီး ယခုကဲ့သို့ ထုတ်ပယ်ခံရခြင်း ဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#EITI #တွင်းထွက်သယံဇာတ #ပွင့်လင်းမြင်သာမှု#မြန်မာနိုင်ငံ #ထုတ်ပယ်ခံရ
#Ayeyarwaddy_Times