အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
မတ် ၉ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် သောကြောင့် အရပ်သား ကလေး တစ်ဦးအပါဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဆိုင်ကယ်တစ်စီး ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီသည် ယမန်နေ့ မတ်လ ၈ ရက်၊ မနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က စွန်တောင်ရွာနှင့် ပလုံတွီကျေးရွာကြားတွင် ဂျက်ဖိုက်တာ တစ်စီးဖြင့် နှစ်ကြိမ်ခန့်လာရောက်ပြီး ဗုံးသီး လေးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဗုံးကြဲတဲ့ နေရာက ရွာနဲ့ အလှမ်းဝေးပါတယ်။ အခု ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေကလည်း တောင်ယာထဲမှာ နေတဲ့ လူတွေဘဲဖြစ်ပါတယ်။ ရှစ် နှစ်အရွယ်ကလေးက လက်ထိပြီးတော့ နောက်အမျိုးသား တစ်ဦးက ခြေထောက်ထိသွားတယ်။ ဆိုင်ကယ်တစ်စီး ပျက်စီးသွားတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက် နှင့် မတ်လ ၂ ရက်နေ့တွင် မင်းတပ်မြို့နယ်၊ လွေးသာကျေးရွာနှင့် အောက်ချိုင်ကျေးရွာကြားရှိ တောစပ်တခုတွင် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

#ချင်းပြည် #မင်းတပ်မြို့ #စစ်ကောင်စီ #လေကြောင်းဗုံးကြဲတိုက်ခိုက် #အရပ်သားထိခိုက် #Ayeyarwaddy_Times