
ဧရာဝတီတိုင်းမ်
မတ် ၉ ရက်
အီတလီနိုင်ငံ၊ မီလန်မြို့တွင်နေထိုင်ကာ ဖက်ရှင်သင်တန်းကျောင်းမှကျောင်းပြီးထားသူ ခရိုနီဦးတေဇသမီးဖြစ်သူ ရေချယ်တေဇ (ခေါ်) ထူးထွေးတေဇကို အီတလီနိုင်ငံတွင်ဆက်လက်နေထိုင်ခွင့်မပြုရန်တောင်းဆိုကြောင်း ယမန်နေ့ မတ်လ ၈ ရက်နေ့တွင် Justice For Myanmar က ထုတ်ပြန်သည်။
ထူးကုမ္ပဏီအပါအဝင် ရေချယ်တေဇ၏ အစ်ကိုများဖြစ်သည့် ပြည့်ဖြိုးတေဇနှင့် ထူးထက်တေဇတို့ကို အမေရိကန်၊ ယူကေနှင့် ကနေဒါနိုင်ငံများက အရေးယူပိတ်ဆို့ထားပြီးဖြစ်သည်။
ရေချယ်တေဇသည် မြန်မာနိုင်ငံတွင်နေထိုင်စဉ်က အနုပညာအသိုင်းအဝိုင်းတွင် လှုပ်ရှားမှုများရှိကာ “ ည ” ရုပ်ရှင် ဇာတ်ကား၏ ဇာတ်ဝင်တေး “မြစ်” ကိုရေးသားသီဆိုခဲ့သည်။
EU ၏ အရေးယူဒဏ်ခတ်ထားသည့် ထူးကုမ္ပဏီများတွင် ဒါရိုက်တာနှင့် ရှယ်ယာအဖြစ်ပါဝင်နေမှု အပေါ် စုံစမ်းစစ်ဆေးရန်၊ ၎င်းပိုင်ဆိုင်မှုများကိုထိန်းသိမ်းထားရန်နှင့် အီတလီနိုင်ငံမှ ပြောင်းရွှေ့ပေးရန်အတွက် Justice For Myanmar ကိုယ်စား ပြင်သစ်ရှေ့နေ William Bourdon နှင့် Lily Ravon တို့က အီတလီ အာဏာပိုင်များထံ မတ်လ ၄ ရက်နေ့က တိုင်ကြားထားကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။
“ ရေချယ်တေဇကို အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အညီတရားဥပဒေရှေ့မှောက်မှာ တာဝန်ခံစေသင့်ပါတယ်။ အီလတီနိုင်ငံအနေနဲ့ သူနဲ့အခြားမြန်မာခရိုနီတွေရဲ့ သွေးစွန်းစီးပွားရေးလုပ်ငန်းတွေကို အီတလီမြေပေါ်မှာ မလုပ်နိုင်ဖို့ကြီးကြပ်ဆောင်ရွင်သင့်ပါတယ် ” Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။
ရေချယ်တေဇသည် စစ်ကောင်စီအတွက်ဘဏ္ဍာငွေများ၊ စစ်လက်နက်နှင့်ဆက်စပ်ပစ္စည်းများကိုရှာဖွေပေးနေသဖြင့် ဥရောပသမဂ္ဂအပါအဝင် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့အရေးယူခြင်းခံထားရသော ခရိုနီဦးတေဇ သမီးဖြစ်၍ စစ်တပ်၏ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများတွင်တာဝန်ရှိသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
အီတလီနိုင်ငံတွင်နေထိုင်ချိန်တွင် ရေချယ်တေဇသည် စစ်တပ်အာဏာသိမ်းပြီးမှတည်ထောင်ခဲ့သော ကုမ္ပဏီအသစ် များ၊ မြန်မာစစ်တပ်နှင့် တိုက်ရိုက်စီးပွားရေးလုပ်ငန်းများရှိသည့်ကုမ္ပဏီများအပါအဝင် ထူးအုပ်စု ကုမ္ပဏီ (၇) တွင် ဒါရိုက်တာအဖြစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရေချယ်တေဇအပါအဝင် ထူးအုပ်စုကုမ္ပဏီများအားလုံးနှင့် ခရိုနီများ၊ စစ်လက်နက်ပွဲစားများကို အရေးယူ ပိတ်ဆို့မှုများပြုလုပ်ပေးရန် ဥရောပသမဂ္ဂကို Justice For Myanmar က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရေချယ်တေဇ #အီတလီ #နေထိုင်ခွင့်မပြု #JusticeForMyanmar #တောင်းဆို #Ayeyarwaddy_Times