
ဧရာဝတီတိုင်းမ်
(မတူပီ)၊ မတ် ၉ ရက်
ချင်းပြည်နယ်၊ မတူပီမြို့၊ ဖနိုင်ရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ က ယမန်နေ့၊ ညနေ ၃ နာရီအချိန်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဖနိုင်ရွာရှိ ဘုန်းကြီးကျောင်းအား သွားရောက်တိုက်ခိုက်စဥ်တွင် မတူပီ အခြေစိုက် ခလရ ၁၄၀ တပ်ရင်းနှင့် စစ်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖနိုင်ရွာထဲတွင် ကျရောက်ပေါက်ကွဲပြီး ဧမာနွေလဘုရားကျောင်းအပါအဝင် လူနေအိမ်တချို့ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“ရွာထဲမှာ ကျလာတဲ့ လက်နက်ကြီးကျည်တချို့ မပေါက်ကွဲသေးတာလည်း ရှိသေးတယ်။ အနားမှ ဘယ်သူမှ မသွားရဲကြဘူး။ ရွာထဲမှာ လက်နက်ကြီးကျည် ၅ ကြိမ်မက ကျရောက်ပေါက်ကွဲတော့ ဘုရားကျောင်းနဲ့ လူနေအိမ်တချို့တော့ ပျက်စီးသွားတယ်။ တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်တွေရဲ့ အလောင်းတွေကို ညဘက်မှာ ကားတစ်စီးနဲ့ လာသယ်သွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်အချို့ ဖနိုင်ဘုန်းကြီးကျောင်းဝင်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါ ဘုန်းကြီးကျောင်းဝင်းထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်းသိရသည်။
CDF-မတူပီ၊ တပ်ရင်း-၂ က သွားရောက်တိုက်ခိုက်ခဲ့သော ဖနိုင်ဘုန်းကြီးကျောင်းသည် ဟားခါးလမ်းမအနီး ရွာအထွက်တွင် တည်ရှိသော်လည်း စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိဖြင့် ဖနိုင်ရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဖနိုင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်မှု နှင့် ပတ်သက်၍ နှစ်ဖက်ထိခိုက်မှုအခြေအနေများကို CDF-မတူပီ၊ တပ်ရင်း-၂ က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားနိုင်ကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-CDF-မတူပီ၊ တပ်ရင်း-၂။
#မတူပီ #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီတပ်ဖွဲ့ဝင် #ထိခိုက်သေဆုံးမှုများပြား #လက်နက်ကြီးပစ်ခတ် #ဘုရားကျောင်းအပါအဝင် #လူနေအိမ်တချို့ပျက်စီး #Ayeyarwaddy_Times