အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
မတ် ၈ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

ဟားခါးမြို့တွင် ယမန်နေ့ မတ်လ ၇ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား တစ်ဦးသည် စစ်ကောင်စီ၏ ရုန်းတောင်စစ်ဆေးရေးဂိတ်ရှိ ဓာတ်ဆီဆိုင်တွင် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

“သူက ရုန်းတောင်ဘက်ကို ဆိုင်ကယ်နဲ့သွားတာ။ ညဘက်တွေ အဲ့ဘက် သွားလာခွင့်စစ်တပ်က မပေးဘူး။ ဖမ်းဆီးတာ၊ သေနတ်နဲ့ ပစ်ခတ်တာတွေ လုပ်တယ်” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပစ်သတ်ခံရသည့် အမျိုးသားသည် အသက် ၅၅ နှစ်အရွယ် ဦးလွှာန်မှုန်းဆိုသူဖြစ်ပြီးယခင်က ဟားခါးမြို့ မြေစာရင်းရုံးတွင် အလုပ်လုပ်ကိုင်သည့် အစိုးရဝန်ထမ်းဟောင်း တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် ထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာ ဇာတိဖြစ်ကာ အစ်ကိုဖြစ်သူနှင့်အတူ ဟားခါးမြို့တွင် နေထိုင်သည်။

သေဆုံးသွားသည့် ဦးလွှာန်မှုန်း၏ အလောင်းကို စစ်ကောင်စီတပ်ဖွဲ့များက ယူဆောင်သွားပြီး ၎င်းအလောင်းကို ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ထားကာ မိသားစုထံ ပြန်လည်းပေးဆောင်ခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိ ဟားခါးမြို့တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များနှင့် နတလ ကျောင်းတွင် လုံခြံရေး တိုးချဲ့ကာ လမ်းဆုံ၊ လမ်ခွများတွင်လည်း ကင်းလှည့်နေကြောင်း သိရသည်။

#ချင်းပြည် #ဟားခါး #အရပ်သားတစ်ဦး #ပစ်သတ်ခံရ #Ayeyarwaddy_Times