ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂ ရက်
ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ခရမ်း-သက္ကလ-ပဲခူးလမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ သစ်တောစစ်ဆေးရေးဂိတ် သြဂုတ်လ ၁ ရက် ယမန်နေ့ည ၉နာရီ ၃၀ မိနစ်ဝန်းကျင်တွင် အပြင်းစားဗုံးသီးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
အပြင်းစားဗုံးသီးဖြင့်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရှိခဲ့ကြောင်း ဒေသတွင်းသတင်းများဖော်ပြနေသည့် Khayan Channel တာဝန်ခံက ပြောသည်။
ထို့အပြင် စစ်ဆေးရေးဂိတ်ကိုကာရံထားသည့် သဲအိတ်၊ ဘန်ကာများနှင့် စစ်ကောင်စီတပ်သားများ နေထိုင်ရာ အဆောက်အဦးတစ်ခုလည်း အနည်းငယ် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
” မနေ့ညက အပြင်းစားဗုံးသီးနဲ့တိုက်ခိုက်သွားတာလို့သိရတယ်။ အသံလည်းမနည်းကျယ်တယ်။ စကစတွေထဲက ၂ ယောက်သေပြီး ၃ ယောက်ဒဏ်ရာရတယ်။ သဲအိတ်ဘန်ကာအဆောက်အဦးတွေလည်း ထိတယ်” လို့ Khayan Channel တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း PDF ခရမ်းတပ်ဖွဲ့ဝင်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။