ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂ ရက်
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သံလျှက်စွန်းရှိ စစ်ကောင်စီတပ်ရဲ့ ဧရာဝတီရေတပ်စခန်းဌာနချုပ်က ရေ တပ်စုဆောင်းရေးစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ ရေတပ်သားသစ် ၁ ဦးကို ၂၅ သိန်းကျပ်ဝန်းကျင်ပေးမည်ဟုဆိုကာ စည်းရုံးစုဆောင်းနေတယ်လို့ သိရပါတယ်။
လင်းစဒေါင်းထိပ်၊ ရထားသံလမ်းဘေးအနီးက လ္ဘက်ရည်ဆိုင်တခုမှာ မနေ့မနက်ပိုင်းက ရေတပ်စုဆောင်းရေးတပ်သားတွေဟာ လူရှာပွဲစားတွေကနေတဆင့် နယ်ကလာတဲ့လူငယ်တွေကို အဓိကထားရှာဖွေစုဆောင်းဖို့ပြင် ဆင်နေတယ်လို့ မြို့ခံတဦးကပြောပါတယ်။
” မနေ့မနက်က ကျွန်တော်တို့ ဒီလင်းစဒေါင်းထိပ်၊သံလမ်းဘေးကလ္ဘက်ရည်ဆိုင်မှာ လူရှာပွဲစားတွေကိုခေါ်ပြီးပြောနေတာ၊ ရဲဘော်သစ် ၁ ယောက်ကို ၂၅ သိန်းပေးမယ်။ လူ ၂၀၊ ၂၅ လောက်လိုချင်တယ်။ နယ်ကလာတဲ့လူတွေကို ပစ်မှတ်ထားပြီးရှာဖွေရင် ရနိုင်တယ်နဲ့ပြောနေတာ” လို့ လင်းစဒေါင်းမှာနေထိုင်တဲ့ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ လတ်တလောမှာ လူသစ်စု ဆောင်းဖို့ခက်ခဲနေလို့ ငွေကြေးအမြောက်အမြားသုံးစွဲပြီးစုဆောင်းလာတာဖြစ်ပြီး ရေတပ်နာမည်ခံပြီးစုဆောင်းပေမယ့် လတ်တလောတိုက်ပွဲပြင်းထန်တဲ့နေရာတွေမှာ စစ်ဆင်ရေးဝင်နေတဲ့ကြည်းတပ်တွေအတွက် စုဆောင်းနေတာဖြစ်နိုင်တယ်လို့ တပိအသိုင်းအဝိုင်းကသုံးသပ်ပါတယ်။
” သံလျှက်စွန်းရေတပ်က နဂိုထဲက ရေတပ်စုဆောင်းရေးတပ်ဖြစ်တယ်။ ရေတပ်က အရင်ထဲက ပိုက်ဆံတအားသုံးပြီးစုတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်လောက်ကကို တယောက် ၇ သိန်းလောက်ပေးတာ။ ပြီးရင် စုဆောင်းရေးသမားတွေက စစ်မတိုက်ရဘူး၊ အေးဆေးနေရမှာ၊ ဒီလိုတွေပြောပြီးစုတာ။ ခုသူတို့စုဆောင်းတာက ရေတပ်နာမည်ခံပြီး ကြည်းတပ်ကိုပို့ဖို့များတယ်။ အခုက ကြည်း တပ်ကလူစုဖို့တအားခက်နေတဲ့ အခြေအနေ။
လူအစုခံရပြီးလို့ စုဆောင်းရေးရောက်ပြီးတာနဲ့ သူတို့ သဘောဖြစ်သွားပြီ။ ဒညင်းကုန်း စုဆောင်းရေး ၁ နဲ့ပေါင်းပြီး ကလဖန်ထိုးလိုက်ပြီး စစ်အခြေခံဆင်းတာနဲ့ ခြေလျင်၊ ခြေမြန်ကိုသေချာပေါက်ရောက်မှာ” လို့ စစ်သားစုဆောင်းရေးလုပ်ခဲ့ဖူးသူ တပ်မတော်သားဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ကောင်စီတပ်ကို အရာရှိရော အခြားအဆင့်ပါ ဝင်ရောက်သူသိသိသာသာ လျော့ ကျနေလို့ အခုလိုငွေကြေးအများအပြားသုံးပြီး လူသစ်ရှာလာသလို ပညာအရည်အချင်း ကန့်သတ်ချက်ကိုလည်း ရေတပ်နဲ့ လေတပ်ကို ၆တန်း၊ ကြည်းတပ်ကို ၄ တန်းအထိလျှော့ချပေးထားကြောင်း စစ်ကောင်စီတပ်အသိုင်း အဝိုင်းထံကသိရသည်။