ဧရာဝတီတိုင်းမ်
မတ် ၈ ရက်
အကြမ်းဖက်စစ်ကောင်စီမှ စစ်အာဏာသိမ်းပြီး ကာလအတွင်း စစ်အုပ်စုနှင့် အပေါင်းအပါများက အမျိုးသမီးများအပါအဝင် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ပိုမိုဆိုးရွားစွာ ပြုလုပ်လာကြပြီး အဓမ္မကျင့် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့်အမျိုးသမီးအရေအတွက်မှာ ၁၄ ဦးအထိရှိလာခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။
စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ စာရင်းများအရ အမျိုးသမီးများအပေါ် စစ်အုပ်စု၏ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုများတွင် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် သုံး ဦးအပါအဝင် အမျိုးသမီး ၁၄ ဦးရှိပြီး အတည်ပြုရန်လိုအပ်နေသည့် အမျိုးသမီး ရှစ် ဦးအထိ ရှိနေသေးကြောင်းလည်း သိရသည်။
“စစ်တပ်က ဘာကြောင့် ဒီလိုလုပ်သလဲဆိုရင်တော့ အမျိုးသမီးတွေဆိုတာ ကျွန်မတို့နိုင်ငံမှာ နှိမ်စရာ အသုံးချစရာ ဆိုတဲ့ ရိုက်သွင်းခံရတဲ့ အတွေးအခေါ်တွေရဲ့နောက်ဆက်တွဲပဲ။ အမျိုးသမီးတွေကို ဖိနှိပ်ဖို့ဆိုရင် လိင်ပိုင်းဆိုင်ရာနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို ထိခိုက်ဖို့ စော်ကားဖို့ အရင်ဆုံးစဉ်းစားကြတယ်။ စစ်တပ်သည် အရင့် အရင်ထဲကအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာကျုးလွန်မှုတွေကို လက်နက်သဖွယ် အသုံးပြုခဲ့တယ်။ ဒီနွေဦးတော်လှန်ရေးမှာလည်း စစ်ရေးအရကော လူထုတော်လှန်ရေးအရကော ကျရှုံးလာတာကြောင့် စစ်တပ်က ပြည်သူလူထုကိုပိုမဲလာတယ်။ အဲ့ဒီထဲမှာမှ အမျိုးသမီးတွေအပေါ်မှာတော့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်သတ်ဖြတ်တာ ပိုပြီးတော့မှ ခံရတဲ့ အခြေအနေဖြစ်လာတယ်” ဟု Generation Wave အဖွဲ့အစည်းမှ နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ဦးဖြစ်သူ မလင်းလက်ဆူးက ဧရာတဝတီတိုင်းမ်ကို ပြောသည်။
အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုရင်ရာ အကြမ်းဖက်မှုများကျူးလွန်ရာတွင် အုပ်စုဖွဲ့အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများ၏ လိင်အင်္ဂါအစိတ်အပိုင်းများကို ကိုင်တွယ်ခြင်း၊ နှုတ်အားဖြင့် လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုခြင်း၊ လှောင်ပြောင်ခြင်းများပြုလုပ်လေ့ရှိပြီး အကျဉ်းထောင်များသည် ၎င်းတို့၏လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အလွယ်တကူ ပြုလုပ်လေ့ရှိသည့်နေရာများဖြစ်သည်။
“ပထမဦးဆုံးစစ်ကြောရေး အတွေ့အကြုံကိုပြောရရင် လက်နက်ကိုင်တော်လှန်ရေးတွေ မစသေးတော့ ကျွန်မတို့ စစ်ကြောရေးမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုက အနည်းငယ်သက်သာခဲ့တယ်။ လက်နက်ကိုင်တော်လှန်ရေးစတင်တဲ့အချိန်မှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေ ထောင်ထဲရောက်လာတဲ့ အချိန်မှာ လိင်ပိုင်းဆိုင်ရာအုပ်စုဖွဲ့ပြီးတော့မှ ညည်းပန်းနှိပ်စက်တာမျိုးတွေ သူတို့ကြုံရတဲ့ အခြေအနေတွေကို နားထောင်ခဲ့ရတယ်။ ဆိုးဆိုးရွားရွားကျူးလွန်မှုတွေဆိုရင် အမျိုးသမီးတစ်ယောက်ကို ယောက်ျား ငါးယောက် ခြောက်ယောက် လောက်က လေးဘက်ထောက်ခိုင်းပြီးတော့မှ နံပါတ်တုတ်တွေနဲ့တင်ပါးတွေကိုရိုက်တာ၊ အမျိုးသမီးတွေရဲ့ ရင်သားတွေ လိင်အင်္ဂါတွေ ကိုကိုင်တာမျိုးတွေ၊ ထိတွေ့တာမျိုးတွေ အဲ့တာတွေကို ဗီဒီယို မှတ်တမ်းယူပြီးတော့မှ အချင်းချင်းကြားမှာ ဖြန့်ဝေတာမျိုးတွေ လုပ်ဆောင်တာမျိုးတွေကို သိခဲ့ရတယ်” ဟု ထောင်တွင်းကြုံခဲ့ရသည့် အတွေ့အကြုံနှင့် အခြေအနေများကို မလင်းလက်ဆူးက ဆက်လက်ပြောကြားသည်။
တော်လှန်ရေးကာလအတွင်း စစ်အုပ်စု၏ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ဆိုင်ရာအကြမ်းဖက်မှုများကို သက်ဆိုင်ရာ အမျိုးသမီးအဖွဲ့အစည်းများမှ နိုင်ငံတကာမှ အရေးယူမှုများပြုလုပ်နိုင်ရန်ဆောင်ရွက်နေပြီး စစ်တပ်၏ ကျူးလွန်မှုများကို စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ ဌာနများက အရေးယူမှုများ၊ တရားမျှတမှုများ ရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်းမရှိကြောင်းလည်း လူ့ခွင့်အရေးအဖွဲ့အစည်းများက ထောက်ပြပြောဆိုထားကြသည်။
“ကျွန်မတို့အမျိုးသမီးတွေသည် ကုလသမဂ္ဂမှာ မြန်မာစစ်တပ်ကို အမည်းစာရင်းဝင်အောင် သူတို့ရဲ့ မတရားလိင်ပိုင်ဆိုင်ရာကျူးလွန်မှုတွေ အစုလိုက်အပြုံလိုက်မုဒိန်းကျင့်သတ်ဖြတ်မှုတွေနဲ့ အမည်းစာရင်းဝင်အောင်လုပ်ခဲ့ပြီးသွားပြီ။ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ငြိမ်းချမ်းမှုရှိတဲ့ တိုင်းပြည်တစ်ပြည် တည်ဆောက်နိုင်တဲ့အခြေအနေမရောက်သေးခင်ကာလမှာ အမျိူးသမီးတွေရဲ့ဘဝလုံခြုံမှုဟာ အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာဆိုရင် အများကြီးစိန်ခေါ်မှုတွေဖြစ်တယ်။ တချိန်ထဲမှာပဲ ဖိုဝါဒကြီးစိုးမှုဆိုတဲ့ အတွေးခေါ်ပိုင်းဆိုင်ရာမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်အကြမ်းဖက်မှုတွေဟာ အရမ်းကို ဆိုးတဲ့အခြေအနေတွေဖြစ်တယ်” ဟု ရှေ့ပြေးအသံအဖွဲ့ (Progressive Voice Myanmar) တည်ထောင်သူ ဒေါ်ခင်ဥမ္မာ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီ၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကျူးလွန်ခြင်း ခံခဲ့ရသည့် အမျိုးသမီ းများအပေါ် ထိရောက်သည့် အားပေးကူညီမှုများ၊ နှစ်သိမ့်မှုများကို လုပ်ဆောင်သွားရန်လိုအပ်ပြီး ကျူးလွန်ခဲ့သည့် တရားခံများကိုလည်း တော်လှန်ရေးကာလအတွင်း အရေးမယူနိုင်သေးပါက တော်လှန်ရေးကာလအလွန်တွင် ထိရောက်စွာ အရေးယူနိုင်ရန်လည်း လိုအပ်ကြောင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများက ဆိုထားသည်။
” အခုကြုံနေရတဲ့ အခြေအနေကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်တဲ့ အချိန်ထိစောင့်စရာမလိုပဲ တစ်ချို့ကိစ္စတွေကို ဖြေရှင်းလို့ရတယ်။ ဥပမာ စစ်အုပ်စုရဲ့အကြမ်း ဖက်မှုတွေကို မဖြေရှင်းနိုင်သေးဘူး၊ ထောင်မချနိုင်သေးဘူးဆိုရင် ကိုယ့်ရဲ့တော်လှန်ရေးအဖွဲ့မှာရှိတဲ့ အမျိုးသားတွေက ကိုယ့်ရဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ ကိုယ့်ကျင့်ဝတ်နဲ့အညီနေထိုင်ပါ။ ကိုယ့်ရဲ့စခန်းထဲမှာ၊ ကျေးရွာထဲမှာ ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတွေကို ကိုယ်ချင်းစာစိတ်နဲ့ လုံခြုံမှုပေးပြီးသာနေမယ်ဆိုရင်တချို့ကိစ္စတွေက တော်လှန်ရေးပြီးတဲ့ထိစောင့်စရာမလိုပဲ ကောင်းမွန်အောင်လုပ်လို့ရတယ်” ဟု ဒေါ်ခင်ဥမ္မာ က ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းလိုက်သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ သုံးနှစ်တာကာလအတွင်း နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးဦးရေ ၅၄၁၆ ဦးအထိရှိပြီး သတ်ဖြတ်ခံရသည့်အမျိုးသမီး ၈၁၀ ဦးအထိရှိကြောင်း AAPP ၏ စာရင်းများအရ သိရသည်။
ထိုကဲ့သို့ ဆိုးရွားရက်စက်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေသည့် အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာဥပဒေကြောင်းများအရ ထိရောက်သည့်အရေးယူမှုများကို ဆောင်ရွက်ပေးကြပါရန် AAPP က နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းပြောဆိုထားသည်။
ဓာတ်ပုံ – အင်တာနက်
#အမျိုးသမီး #လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရ #အဓမ္မကျင့်သတ်ဖြတ်ခံရ #စစ်တပ် #အာဏာသိမ်းစစ်ကောင်စီ #Ayeyarwaddy_Times