
ဧရာဝတီတိုင်းမ်
မတ် ၈ ရက်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် ရခိုင်ရိုးမ တောင်ခြေအနီး တောင်ခြေခုံကျေးရွာမှ လူငယ် အမျိုးသား (၃၀)ဦးကို စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။
တောင်ခြေခုံကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်နှင့်မြို့နယ်ရဲပူးပေါင်းအင်အား ၅၀ဦးထက်မနည်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၈)ရက် နေ့မှ မတ်လ (၅)ရက်နေ့ထိ အချိန်တစ်ပတ်ကြာ တပ်စွဲ၍ ကျေးရွာအတွင်းရှိရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဖြင့် ညစည် ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကျေးရွာဒေသခံများထံကသိရသည်။
“အရင်လ ထဲက ရဲတွေကောစစ်တပ်တွေ ရွာထဲမှာလာပြီးတပ်လာစွဲတယ်။ အုပ်ချုပ်ရေးမှူးအိမ်နဲ့ရွာဘုန်းကြီးကျောင်းမှာနေသွားတာ။ အယောက် ၅၀လောက်ရှိမယ်။ အုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ညတိုင်း ဧည့်စာရင်းစစ်တယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် တောင်ခြေခုံကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းကဲ့သို့ ဧည့်စာရင်းစစ်ဆေးမှုပြုလုပ်စဉ် ကျေးရွာအတွင်းရှိ အသက် ၂၀ နှစ်မှ အသက် ၂၆ နှစ်အရွယ်ကြားရှိ လူငယ်အမျိုးသား ၃၀ဦးထက်မနည်းကို စစ်မှုထမ်းရန်စာရင်းယူကာ ပြီးခဲ့သည့်မတ်လ ၃ရက်နေ့က ပုသိမ်မြို့ခမရ (၃၈) သို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်း စစ်မှုထမ်းရန် စာရင်းကောက်ခံရသူ၏ မိသားစုဝင်များထံကသိရသည်။
“အိမ်က တူလေးတစ်ယောက်စစ်မှုထမ်းဖို့ဆိုပြီးစာရင်းပေးလိုက်ရတယ်။ သင်တန်းတက်ဖို့ဆိုပြီးပုသိမ်ကိုအပို့ခံလိုက်ရတာမကြာသေးဘူး။ ရွာထဲကကောင်လေးအချို့လည်းအဲ့လိုမျိုးစာရင်းယူပြီးပုသိမ်ကိုအပို့ခံရတာမနည်းဘူး။ အယောက် ၃၀ ကျော်လောက်ရှိတော့မယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးကိုယ်တိုင်စာရင်းလိုက်ကောက်ပြီးထည့်နေတာ”ဟု စစ်မှုထမ်းရန် စာရင်းကောက်ယူခံရသူ၏ မိသားစုဝင်တစ်ဦးကဆိုသည်။
ကြံခင်းမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစပြီး စစ်မှုထမ်းရန်အကြောင်းပြကာ မြို့တွင်းရပ်ကွက်နှင့်ကျေးရွာများအလိုက် စစ်ကောင်စီတပ်၊ရဲနှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ သန်းခေါင်စာရင်းလိုက်လံကောက်ယူ၍ ညပိုင်းအချိန်လွန်အပြင်ထွက်သည်ဟုအကြောင်းပြကာ လူငယ်အမျိုးသား ၆၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး စစ်သင်တန်းတက်ရန် ဖိအားပေးခိုင်းစေမှု ရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။
#ကြံခင်းမြို့နယ် #ရခိုင်ရိုးမ #တောင်ခြေခုံကျေးရွာ #စစ်မှုထမ်း #Ayeyarwaddy_Times