ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မတ် ၈ ရက်

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ၅ ဦး၏ စစ်ဆေးပေါ်ပေါက်ချက်နှင့် ကာယကံရှင်များ၏ ထွက်ဆိုချက်အရ ပြစ်ဒဏ်ပေးခဲ့ဟု ကရင်နီ ပြည်နယ် တရားသူကြီးချုပ် ခူးပိုးရယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုပါမောက္ခချုပ်အပါအဝင် ငါး ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ဖြင့်စွဲချက်တင်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထောင်ဒဏ် နှစ် နှစ်နှင့် ငွေကျပ်ကိုးသိန်းစီ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဦးအောင်ခင်မြင့်၊ ဒု-ပါမောက္ခချုပ် ဒေါ်သီတာနှင့် သူမ၏မိခင်၊ ကထိကတစ်ဦးနှင့် အခြား တာဝန်ရှိသူတစ်ဦးကို ကရင်နီပြည်နယ် ရဲဌာနမှ တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး မတရား အသင်းဆက်သွယ်မှု ဥပဒေ ၁၇/၁ အရ ထောင်ဒဏ် နှစ် နှစ်နှင့် ငွေဒဏ် ကိုးသိန်းစီ စီရင်ချက်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်အရတော့ တစ်လေးလုံးစစ်ဆင်ရေးစတော့ တပ်ဖွဲ့တွေက တက္ကသိုလ်၀န်ထမ်းတွေကို ကယ်ထုတ်လာကြတာပေါ့။ သက်ဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသူက စစ်ဆေးကြတယ်ပေါ့နော်။ စစ်ဆေးတွေ့ရှိချက်အရ ဒီပုဒ်မတွေနဲ့ တရားစွဲဆိုလာတာ ဖြစ်တယ်ပေါ့နော်။ တရားစွဲဆိုလာတယ့်အခါမှာ ကျွန်တော်တို့တရားရုံးက လက်ခံစစ်ဆေးပေးတယ်။ စစ်ဆေးပေါ်ပေါက်ချက်အရကော ကာယကံရှင်ရဲ့ ထွက်ဆိုချက်အရ ဒီလိုပြစ်ဒဏ်ပေးခြင်းဖြစ်တယ်” ဟု ကရင်နီပြည်နယ် ပြည်နယ် တရားသူကြီးချုပ် ခူးပိုးရယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ငါး ဦးကို ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် စစ်လော်ဘီများမှ ပညာရေးဝန်ထမ်းများကို ကယ်ဆယ်သည်ဟုဆိုကာ ဖမ်းဆီးထောင်ချနေကြောင်း ပြောဆိုနေသော်လည်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ တရားမဝင် အာဏာသိမ်းစစ်တပ်လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ယခုကဲ့သို့ ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

” NUG – တရားရေးဝန်ကြီးဌာနက တရားမဝင်အာဏာသိမ်းစစ်တပ်ကို မတရားအသင်းအဖြစ် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂) ရက်မှာ ကြေညာထားခဲ့ပြီးဖြစ်ပါတယ်။ ပါ/ချုပ်အပါအဝင် အရာရှိ ငါး ဦးဟာ ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်မှာ တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ ပညာရေးယန္တရား လည်ပတ်နိုင်အောင် ကူညီဆောင်ရွက်ပေးနေတဲ့ အဓိကတာဝန်ရှိသူ Non-CDM တွေဖြစ်တယ်။ အဲဒီအချက်နဲ့ တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်” ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းများနှင့် မိသားစုဝင် ၂၀၄ ဦးကို စစ်တပ်မှတပ်ရင်း နှစ်ရင်းဖြင့်အထိုင်ချကာ တပ်စွဲထားပြီး တိုက်ပွဲဖော်ဆောင်မှုများ ပြုလုပ်နေသည့် လွိုင်ကော်တက္ကသိုလ်ကျောင်းဝင်းအတွင်းမှ ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပါမောက္ခချုပ်အပါအဝင် အဓိက တာဝန်ရှိသူ ၁၁ ဦးမှအပ ကျန်ဝန်ထမ်းနှင့်မိသားစုဝင် ၁၉၃ ဦးကို ဘေးကင်းရာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြပြီးနောက် ယခုကဲ့သို့ တာဝန်ရှိသူ ငါး ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကရင်နီပြည်နယ်၏ တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် လိုအပ်သည့်တရားရုံးများကို ဆက်လက်တိုးချဲ့ ထူထောင်နိုင်ရန် ကြိုးပမ်းနေပြီး တရားစီရင်ရေးကို ပြည်သူလူထုမှ ပူးပေါင်းပါ၀င်၍ ယုံကြည်အားထားရသည့် တရားရုံးများ၊ တရားစီရင်ရေးစနစ်များ ဖြစ်လာစေရန်အတွက် ကြိုးစားလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ပြည်နယ်တရားသူကြီးချုပ် ခူးပိုရယ်က ပြောကြားထားသည်။

ဓာတ်ပုံ – KNDF
#ကရင်နီ #လွိုင်ကော်တက္ကသိုလ် #ပါမောက္ခချုပ် #ငါးဦး #ထောင်ဒဏ်ချမှတ်ခံရ #ငွေဒဏ် #IEC #Ayeyarwaddy_Times