မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၈ ရက်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့ ညပိုင်းက လူမိုက်ကျော်၀င်းစိန်အား သတ်ဖြတ်ရာတွင် ပါ၀င်ခဲ့သူများသည် အထက်တန်းရှေ့နေတစ်ဦးကို သံတုတ်၊ ဓားရှည်များဖြင့် ဝိုင်း၀န်းရိုက်နှက် ခုတ်ထစ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

လူမိုက်ကျော်၀င်းစိန်အား သတ်ဖြတ်ရာတွင် ပါ၀င်သူ ခုနစ် ဦးသည် ကြည့်မြင်တိုင်တရားရုံးမှ အမှုစစ်ဆေးပြီး ပြန်လာသည့် အထက်တန်းရှေ့နေ ဦးနေလင်းအောင်ကို ပြီးခဲ့သည့် မတ် ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က အလုံမြို့နယ်၊ ဆင်ရေကန်လမ်းတွင် ဝိုင်း၀န်းရိုက်နှက်ခုတ်ထစ်ခဲ့ကြသည့်အတွက် ပြတ်ရှဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လူတစ်စုသည် အထက်တန်းရှေ့နေ ဦးနေလင်းအောင် ပြန်လာသည့် အချိန်နှင့် လမ်းကိုအတိအကျသိ၍ ကြိုတင်စောင့်ဆိုင်းခဲ့ပြီး ကားချင်းတိုက်ကာ အသက်သေစေနိုင်သည့် ဒဏ်ရာများရရှိအောင် ရိုက်နှက် ခုတ်ထစ်ကြသည့်အပြင် ဦးနေ‌လင်းအောင် ကိုင်ဆောင်သည့် တန်ဖိုးကြီး လက်ကိုင်ဖုန်းနှင့် ငွေကျပ် ခုနစ်သိန်းကို လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။

“သေလောက်တဲ့အထိ ရိုက်နှက်ခံခဲ့ရတဲ့ ရှေ့နေက လူမိုက်ကျော်၀င်းစိန်ရဲ့အမှုကို လိုက်နေတဲ့လူလို့ သိရတယ်။ အမှုဆက်မလိုက်ရဲအောင် ခြိမ်းခြောက်ရိုက်နှက်တာဆိုပေမယ့် သေသွားလည်း ဂရုမစိုက်ဘူးဆိုတဲ့ သဘောနဲ့ ပြင်းပြင်းထန်ထန် လုပ်သွားတာ။ ငွေနဲ့ဖုန်းယူတာကတော့ လုယက်မှုပုံစံ ဗန်းပြသွားတာလို့ သိရတယ်။ အမှုကိုဘယ်သူမှမလိုက်ရဲအောင်ဆိုပြီး နမူနာပြတဲ့သဘောပဲ”ဟု လူမိုက်ကျော်၀င်းစိန်၏အဖွဲ့သားများနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ရှေ့နေကို ဝိုင်း၀န်းရိုက်နှက်ခဲ့သည့် လူတစ်စုကို ၎င်းတို့မောင်းနှင်လာသည့် ကားမှတစ်ဆင့်လိုက်လံ ဖမ်းဆီးရာ စစ်ကိုင်းတိုင်း၊ တကောင်းရပ်ကွက်၊ ပုဗ္ဗာရုံကျောင်းတိုက်၀င်းအတွင်း၌ မတ် ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်ထံက သိရသည်။

ဖမ်းဆီးရမိသူများထဲတွင် ပုဒ်မ ၃၀၂ နှင့် အမှုဖွင့်ခံ ထားရသည့် ငမျိုး(ခ)ကိုမျိုး(ခ)ရဲမျိုးသိန်း၊ ဥက္ကာနှင့် အောင်ကြီး(ခ)အောင်မြတ်မင်းတို့ သုံးဦးအပါအ၀င် စုစုပေါင်း ၉ ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၉ ဦးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့ ညပိုင်းက ကြည့်မြင်တိုင် မြို့နယ် ကျောင်းကြီးလမ်းတွင် လူမိုက်ကျော်၀င်းစိန် ကို သတ်ဖြတ်ခဲ့သည့် အမှုနှင့်ပတ်သက်သူများဖြစ်ပြီး ကြည့်မြင်တိုင်ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူမိုက်ကျော်၀င်းစိန်ကို သတ်ဖြတ်မှုနှင့် အမှုဖွင့်ခံထားရသည့် ငမျိုး(ခ)ရဲမျိုးသိန်းသည် ကရုဏာနှလုံး သား လူမှုဖူလုံရေးနှင့် သာသနာရေးထောက်ပံ့မှု ပရ ဟိတအသင်းကို တည်ထောင်ထားသူဖြစ်ပြီး ကြည့်မြင်တိုင်ရှိ လူမိုက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း သိရသည်။

ပုံစာ- ငမျိုး(ခ)ကိုမျိုး(ခ)ရဲမျိုးသိန်းအား ဖမ်းဆီးထားစဉ်
ပုံစာ-အထက်တန်းရှေ့နေ ဦးနေလင်းအောင်အား သံတုတ်၊ ဓားရှည်များဖြင့် ဝိုင်း၀န်းရိုက်နှက် ခုတ်ထစ်ထားသည်ကို တွေ့ရစဉ်
#ကြည့်မြင်တိုင် #အထက်တန်းရှေ့နေ #ရိုက်နှက် #ခုတ်ထစ် #လူမိုက် #ကျော်၀င်းစိန် #ငမျိုးရဲမျိုး သိန်း #ဖမ်းဆီးခံရ #Ayeyarwaddy_Times