
ဧရာဝတီတိုင်းမ်
မတ် ၇ ရက်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာအနီးရှိ ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)နှင့် စစ်ကောင်စီတပ်တို့ပူးပေါင်းကာ စစ်ဘေးရှောင်တဲများနှင့် စီးပွားရေးလုပ်ကိုင်နေသည့် ဒေသခံများကို အဓမ္မဆက်ကြေး တောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။
အိမ်စီးကားရှိသည့် တစ်အိမ်လျှင် တစ်သိန်း (၁၀၀,၀၀၀)ကျပ်၊ ကုန်ခြောက်ဆို င်တစ်ဆိုင်လျှင် နှစ်သိန်း (၂၀၀,၀၀၀) ကျပ်၊ ဒီဇယ်ရောင်းသူ တစ်ဦးလျှင် သုံးသိန်း (၃၀၀,၀၀၀)ကျပ်၊ စစ်ရှောင်မိသားစု တဲတစ်တဲလျှင် နှစ်သောင်း(၂၀,၀၀၀)ကျပ်တို့ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့က ဆက်ကြေး တောင်းယူနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“စစ်ရှောင်တွေ နေထိုင်တဲ့ တဲလေးတွေကို ဆက်ကြေးကောက်တာတော့ အတော်လေး ဆိုးတာပေါ့။ အိမ်ဆောက်ထားတာလည်း မဟုတ်ဘူးလေ။ အစကတည်းကမှ စစ်ရှောင် ရလို့ ဒုက္ခရောက်နေရတဲ့ကြား ခုလိုငွေတောင်းနေတော့ ပိုဆိုးတယ်”ဟု နောင်ပိုအောင်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုပြင် နောင်ပိုအောင်စံပြကျေးရွာအနီးရှိ မိုးလင်းကျေးရွာနှင့် ပင်းမခေါ ရေလယ်ကျွန်း တွင် ရွှေမျှော လုပ်ငန်း လုပ်ကိုင်နေသူများနှင့် ကုန်ကားမောင်းသူများထံတွင်လည်း ဆက်ကြေး တောင်းယူများပြုလုပ်နေသည်ဟု ဒေသခံများကဆိုသည်။
“စစ်ရှောင်တဲတွေကတော့ ၁၀၀ ကျော်လောက်ရှိတယ် ဆက်ကြေးပေးရတာ။ စစ်ကောင်စီနဲ့ ရှမ်းနီတွေ အခုနောက်ပိုင်း ပိုပိုဆိုးလာတယ်။ တိုက်ပွဲဖြစ်နေတဲ့ အချိန် ဆိုရင်လည်း ဒေသခံတွေရဲ့ ကားတွေကို အဓမ္မယူပြီးသုံးကြတယ်” ဟု နောင်ပိုအောင်ရှိ ဒေသခံက ဆက်လက်ပြောသည်။
လက်ရှိတွင်လည်း ဆတ်ကယားကျေးရွာမှ ဒေသခံများစစ်ဘေးရှောင်နေကြရသလို နောင်ပိုအောင်စံပြကျေးရွာနှင့် သဖန်းကုန်းကျေးရွာသည် ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)ဂိတ်များနှင့် နီးကပ်နေ၍ တိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် စစ်ကောင်စီပူးပေါင်းတပ်သည် ချင်းတွင်းမြစ် အတွင်း သွားလာနေသည့် ရေယာဥ်များကိုလည်း မကြာခဏဆိုသလို ဆက်ကြေးကောက်ခံလျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။
ရှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေ များတွင်အခွန်ကောက်ယူများရှိသလို စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နယ်မြေများတွင်လည်း အခွန်ကောက်ယူများရှိနေကြောင်း စုံစမ်းသိရသည်။
ဓာတ်ပုံ-ရှမ်းနီအမျိုးသားများတပ်မတော်(SNA)
#နောင်ပိုအောင် #ရှမ်းနီတပ် #စစ်ကောင်စီ #ပူးပေါင်း #စစ်ဘေးရှောင် #တဲများ #အဓမ္မဆက်ကြေးတောင်း #Ayeyarwaddy_Times