
နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၇ရက်
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တွင် လူမိုက်ကျော်ဝင်းစိန်အား အုပ်စုဖွဲ့ သတ်ခဲ့သူများကို ယမန်နေ့ မတ်လ ၆ ရက်နေ့က စစ်ကိုင်းမြို့ တကောင်းရပ်ကွက် သစ္စာစေတီ ဘုရားအနီးရှိ ပုဗ္ပာရုံ ကျောင်းအတွင်းတွင် စစ်ကောင်စီက အင်အားအလုံးရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
လူမိုက်ကျော်ဝင်းစိန်အား အုပ်စုဖွဲ့ သတ်ခဲ့သူများကို စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဝင်ရောက်ဖမ်းဆီးချိန်တွင် ထွက်ပြေးရန်ကြိုးစားခဲ့ခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“လူမိုက် ကျော်ဝင်းစိန်ကို သတ်တဲ့သူ ကိုး ယောက်လုံးကို လက်ရဖမ်းဆီးသွားတာ” ဟု စစ်ကိုင်းမြို့တွင် နေထိုင်သူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီက ဖမ်းဆီးခဲ့သူများမှာ ရဲမျိုးသိန်း (ခ)ငမျိုး၊ အောင်ကျော်ကြား (ခ)ကျော်ကြီး၊ ဟိန်းထက်အောင် (ခ)ခေါင်းကြီး၊ အောင်မြတ်မင်း (ခ) အောင်ကြီး၊ ဥက္ကာ၊ အောင်တင်မြင့်ထွေး(ခ) အောင်လေး၊ ကျော်ဆန်းလင်း (ခ)သံမဏိ၊ မျိုးမင်းနိုင် (ခ) အရှည်ကြီးနှင့် ဇော်မင်းဦး(ခ) တွတ်ပီ တို့ဖြစ်ပြီး ယမန်နေ့ နေ့လယ် ၁၂ ကျော်ခန့်က ဝင်ရောက်စီးနင်းဖမ်းစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ဖမ်းစီးထားသူများကို ရန်ကုန်တိုင်း အလုံမြို့မရဲစခန်းတွင်. ပ၅၄/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၉၅ /၃၉၇ဖြင့်အမှု့ဖွင့်ထားကြောင်းသိရသည်။
ရဲမျိုးသိန်း (ခ) ငမျိုး ဦးဆောင်သည့် အဖွဲ့သည် လူမိုက်ကျော်ဝင်းစိန်ကို ဒီဇင်ဘာ ၈ ရက်နေ့ ညပိုင်းက ကြည်မြင်နိုင်မြို့နယ်၊ ကျောင်းကြီးလမ်းတွင် အုပ်စုဖွဲ့သတ်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ကြည့်မြင်တိုင်ရဲစခန်းက အချိန်တိုအတွင်း ဖမ်းစီးနိုင်ခဲ့သော်လည်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပြန်လည် လွှတ်ပေးထား၍ စစ်ကိုင်းမြို့ တကောင်းရပ်ကွက်၊ သစ္စာစေတီဘုရားအနီး ပုဗ္ပာရုံကျောင်းအတွင်း ဘုရားတည်ရန်ဟု အကြောင်းပြကာ ရှောင်တိမ်းနေထိုင်နေစဥ် စစ်ကိုင်းမြို့မရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ပူးပေါင်းကာ ပြန်လည်ဖမ်းစီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံကသိရသည်။
လူမိုက်ခေါင်းဆောင် ရဲမျိုးသိန်း (ခ) ငမျိုးသည် ကြည့်မြင်တိုင် စံပြငါးစျေးတွင် “ကရုဏာနှလုံးသား” လူမှုဖူလုံရေးနှင့် သာသနာရေးထောက်ပံ့မှု ပရဟိတအသင်းကို တည်ထောင်ထားသူဖြစ်သည်။
ဓာတ်ပုံ-ဧရာ၀တီတိုင်းမ်၊ ရပ်ဝန်းသစ်
ပုံစာ-လူမိုက်ကျော်ဝင်းစိန်အား သတ်ဖြတ်ခဲ့သူများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်း ဖမ်းဆီးရမိစဉ်
ပုံစာ-လူမိုက်ကျော်ဝင်းစိန်အား သတ်ဖြတ်ခဲ့သူများကို လွှတ်ပေးပြီး ၂၀၂၄ ခုနှစ် မတ်လ ၆ နေ့က ပြန်လည်ဖမ်းဆီးထားစဉ်
#ကြည့်မြင်တိုင် #လူမိုက်ကျော်ဝင်းစိန် #အုပ်စုဖွဲ့သတ် #ငမျိုးအပါအဝင်၉ဦး #စစ်ကောင်စီဖမ်းဆီး #Ayeyarwaddy_Times