နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၇ ရက်

စစ်ရှုံးစစ်ကောင်စီက ၎င်းတို့အရေးပေါ် လိုအပ်နေသည့် တပ်အင်အား ဖြည့်တင်းနိုင်ရေးအတွက် အသက်သွင်းလိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေကို တစ်နေ့တခြား ပိုမိုပုံဖော်လာကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများအရ သိရသည်။

စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော အရွယ်ရောက်သူ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် အဆိုပါဥပဒေကို ၁၃ နှစ်ကျော်အကြာတွင် အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသက်သွင်းခဲ့ပြီးနောက် စစ်မှုထမ်း ဆင့်ခေါ်နိုင်ရေး လုပ်ဆောင်လာခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြီးခဲ့သည့် မတ် ၄ ရက်က နေပြည်တော်တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ပြည်သူများအား စစ်မှုထမ်းခိုင်းရန်အတွက် စဉ်ဆက်မပြတ် ဖွင့်လှစ်သွားမည့် သင်တန်းကျောင်းများကို လျာထားစီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP ) နှင့် နည်းဥပဒေ ပြုစု ရေးဆွဲရေး အလုပ်အဖွဲ့ကို စစ်ဥပဒေချုပ် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးနောက် လက်ရှိတွင် နည်းဥပဒေ (တတိယမူကြမ်း)နှင့် SOP တို့အား ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြောဆိုသည်။

“သူတို့က မြန်မာပြည်မြေပုံ တစ်လက်မ မှ မပျက်ဖို့ စစ်မှုထမ်းရမယ်လို့ ဝါဒဖြန့်ပါတယ်။ စစ်သုံးစရိတ်အတွက် ကုန်မယ့်ပိုက်ဆံကို အတွေးအခေါ်ကောင်းတဲ့ လူငယ်တွေရဲ့ ပညာရေးမှာသုံးပြီး မြန်မာပြည်မြေပုံကို ကာကွယ်ရမှာပါ။ စစ်မှုထမ်းဥပဒေကို အကောင်အထည် ဆက်ဖော်သမျှ မှားနေမှာလို့ ပြောချင်ပါတယ်” ဟု CDM မြို့နယ်တရားသူကြီး ဒေါ်သဉ္ဇာမြက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအပြင် ဥက္ကဋ္ဌရုံးအဖွဲ့၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ၊ မြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့၊ အလုပ်အဖွဲ့ (၈)ဖွဲ့၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ IT နည်းပညာနှင့် အချက်အလက် မှတ်တမ်းတင်ခြင်း အထောက်အကူပြု လုပ်ငန်းအဖွဲ့နှင့် ပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင် ပြန်လည်ခန့်အပ်ရေး အလုပ်အဖွဲ့တို့ကို ဖွဲ့စည်းထားကြောင်း သိရသည်။

ယခင်ကတည်းက တပ်သားသစ် ရရှိရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားစုဆောင်းနေသော အာဏာသိမ်း စစ်ကောင်စီသည် ခေတ်အဆက်ဆက် အသက်သွင်း ပုံဖော်နိုင်ခြင်းမရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေအပြင် စစ်မှုထမ်းဟောင်းကို ပြန်ခေါ်သုံးမည့် အရန်တပ်ဖွဲ့ ဥပဒေကိုလည်း မရှေးမနှောင်း အသက်သွင်းခဲ့ကြောင်း သိရသည်။

“နေပြည်တော်မှာ ခေါ်ထားတဲ့ စစ်မှုထမ်းဟောင်းတွေအချို့ကို တောင်တွင်းကြီးတပ်မှာ နှစ်ပတ်သင်တန်း ပေးပြီးတော့ ရှေ့တန်းတွေ ပို့ပြီးပြီ။ ရှေ့‌တန်းရောက်သွားကြပြီ။ အများဆုံးကတော့ ရခိုင်ဘက်ကို“ ဟု တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ ၎င်းတို့လက်အောက်ခံ Mobile Operator လေး ခုမှတစ်ဆင့် နှိုးဆော်ဝါဒဖြန့်မှုများကို Short Message Service (SMS) များ ပေးပို့ခြင်း၊ စစ်မှုထမ်းရန်ဝါဒဖြန့် လက်ကမ်းစာစောင် စောင်ရေ တစ်သိန်းအား တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဖြန့်ဝေခြင်း၊ စစ်ကောင်စီ ဝါဒဖြန့် ရုပ်သံ၊ ရေဒီယို၊ သတင်းစာများတွင် မဟုတ်မမှန် ရေးသားဖော်ပြ ထုတ်လွှင့်ခြင်းများလည်း လုပ်ဆောင်လျှက်ရှိသည်။

ဓာတ်ပုံ-MOI
ပုံစာ-စစ်ကောင်စီက ရန်ကုန်မြို့လယ်ကောင်တွင် ပြုလုပ်နေသည့် စစ်မှုထမ်းဥပဒေထောက်ခံပွဲ

#အရေးပေါ်တပ်အင်အား #စစ်ရှုံးစစ်ကောင်စီ #စစ်မှုထမ်းဥပဒေ #ပိုမိုပုံဖော်လာ #Ayeyarwaddy_Times