ဧရာဝတီတိုင်းမ်
မတ် ၇ ရက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ စစ်ကောင်စီတပ်များကို အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့ပြီးနောက် ရက္ခိုင့်တပ်တော် (AA)က မြို့ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၆ရက်နေ့က ရမ်းဗြဲမြို့ရှိ စစ်ကောင်စီတပ်သားများကို တိုက်ထုတ်နိုင်ခဲ့ပြီး ယနေ့ မတ်လ ၇ရက်နေ့တွင် AA ကအလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မနေ့ကတည်းကတော့ စစ်ကောင်စီဘက်က ထွက်ပြေးတဲ့သူတွေရော လက်နက်ချအညံ့ခံသူတွေရောနဲ့ ဒီနေ့တော့ မြို့မှာ AA အလံစိုက်နိုင်ပါပြီ”ဟု AAနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရမ်းဗြဲမြို့ သိမ်တောင်ရှိ စစ်ကောင်စီတပ်နှင့် AA တို့ ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ရက်နေ့ကတည်းက စတင်၍ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက မြို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ရမ်းဗြဲမြို့ကို ထိန်းချုပ်နိုင်ရေးအတွက်လေကြောင်းတိုက်ခိုက်မှုများအပြင် ကလိန်တောင်မြစ်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းစစ်ကူများ ပါ အသုံးပြုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ရက်နေ့ကလည်း ရမ်းဗြဲမြို့သို့ ရဟတ်ယာဉ်လေးစီးဖြင့် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ-၃၆နှင့် အမ်းအခြေစိုက် ခမရ-၃၇၃ မှ လက်ကျန်တပ်များကို စုပေါင်း၍ အင်အား ၁၂၀ခန့်ကို ပို့ဆောင်ခဲ့ရာ AA ကကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၈၀ကျော်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ရမ်းဗြဲမြို့အား လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကို ယခု မြို့သိမ်းတိုက်ပွဲပြုလုပ်နေသည့်အချိန်အထိ နေ့တိုင်းပြုလုပ်လျက်ရှိသောကြောင့် ရမ်းဗြဲတစ်မြို့လုံးရှိ လူနေအိမ်၊ တိုက်တာအဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနိကအဆောက်အအုံများမှာ အားလုံးနီးပါး ပျက်စီးခဲ့ရပြီး ရက္ခိုင်ဒေသအတွင်း၌ ပေါက်တောမြို့ ပြီးလျှင် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အပျက်အစီးအများဆုံးမြို့ ဖြစ်သည်။

#ရမ်းဗြဲ #စစ်ကောင်စီ #တပ်စခန်းအားလုံး #AA #သိမ်းပိုက်ထိန်းချုပ် #Ayeyarwaddy_Times