
ဧရာဝတီတိုင်းမ်
မတ် ၇ ရက်
စစ်ကောင်စီက လက်ရှိဘဏ္ဍာနှစ်ကုန်ထိ သွင်းကုန်ဦးစားပေးကဏ္ဍအဖြစ်သက်မှတ်မှုတွင် စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့သာ ပါဝင်ကြောင်း စစ်ကောင်စီ၏ မတ်လ ၆ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။
ဘဏ္ဍာနှစ်လက်ကျန် ယခုမတ်လတွင် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင် ပို့မှုများ တိုးမြှင့်ဆောင်ရွက်ပြီး ယင်းမှရရှိသောပို့ကုန်ရငွေဖြင့် စက်သုံဆီနှင့် စားသုံးဆီတင်သွင်းမှုဆောင်ရွက် ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ အဖွဲ့ဝင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောကြားထားသည်။
ထို့ပြင် ရော်ဘာပို့ကုန်တိုးမြှင့်နိုင်ရန်နှင့် ယင်းမှရရှိသော ပို့ကုန့်ရငွေဖြင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတင် သွင်းခြင်းခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆိုထားသည်။
“ ရော်ဘာနဲ့ ဆန်၊စပါးက ရတဲ့ export earnings တွေကို အခြားပစ္စည်းတွေဖြစ်တဲ့ ကာကွယ်ဆေးတို့၊ ရောဂါရှင်တွေ သောက်ရတဲ့ သောက်ဆေးတို့နဲ့ အခြားပစ္စည်းတွေကို ပေးမသွင်းဘူးပြောတာပဲ။ အခုထိလည်း အဲဒါတွေနဲ့ပတ်သက်ပြီး လိုင်စင်တင်ရင်မရဘူး။ လိုင်စင်ချမပေးတာကြာပြီဆိုတော့ ဈေးကွက်ထဲကျန်တဲ့ ပစ္စည်းကဈေးတက်မှာပဲ” ဟု Export / Import လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
လက်ရှိတွင်စစ်ကောင်စီက သွင်းကုန်လိုင်စင်မချပေးသဖြင့် ပြည်ပသွင်းကုန် ဆေးဝါး အမျိုးမျိုး၊ တိရစ္ဆာန်အစာ၊ ကာကွယ်ဆေးများဆေးမြင့်တက်နေပြီး ဈေးကွက်အတွင်း ရှားပါးနေကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။
နိုင်ငံခြားငွေလိုအပ်နေသည့် စစ်ကောင်စီက ကုန်သွယ်မှုလုပ်ငန်းများ နှောက်နှေး ကြန့်ကြာမှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ပြောကြားသော်လည်း ပို့ကုန်ကဏ္ဍာတိုးမြှင့်ရေးဦးစားပေး ဆောင်ရွက်နေ ကြောင်းတွေ့ရသည်။
ဓာတ်ပုံ – MOI
#သွင်းကုန်ဦးစားပေးများ #စက်သုံးဆီ #ဓာတ်မြေဩဇာ #ပိုးသတ်ဆေး #Ayeyarwaddy_Times