
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၆ ရက်
ရှမ်းမြောက်ရှိ တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မြို့ ခုနစ် မြို့တွင် စစ်ကောင်စီထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်များအပါအ၀င် ကန့်သတ်ချက်အမိန့်များကို TNLA က ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက TNLA ထိန်းချုပ်ထားသည့် မြို့ သုံး မြို့ကို ပြီးခဲ့သည့် မတ် ၄ ရက်နေ့တွင် ညမထွက်ရနှင့် စစ် အုပ်ချုပ်ရေးအမိန့်များထုတ်ပြန်ပြီးနောက် TNLA က စစ်ကောင်စီချမှတ်ထားသည့် အမိန့်များကို ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ယနေ့ မတ် ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တအာင်းပြည်နယ်အတွင်း ထိုက်သင့်သည့်တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေသည့်အချိန် တွင် စစ်ကောင်စီက တအာင်းမြို့အချို့ကို စစ်အုပ်ချုပ်ရေးကြေညာကာ ဒေသခံလူထုများအား ထိတ်လန့်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု TNLA က ဆိုထားသည်။
ရှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း TNLA မှ ထိန်းချုပ်၍ စီမံအုပ်ချုပ်သည့် မြို့ ခုနစ် မြို့တွင် ဒေသတွင်းစီမံ အုပ်ချုပ်သည့်လုပ်ငန်းများ တည်ငြိမ်တိုးတက်လာသည့်အတွက် စစ်ကောင်စီထုတ်ပြန်ထားသည့် စစ်ဆင်ရေးကာလအတွင်း လိုက်နာရမည့် ကန့်သတ်ချက် အမိန့်များကို ရုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် TNLA သိမ်းပိုက်ထားသည့် မြို့ ခုနစ်မြို့ ဖြစ်သည့် နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ မန်တုံ၊ ကွတ်ခိုင်မြို့နယ်များအတွင်းမှ နမ့်ဆန်၊ မန်တုံ နှင့် နမ္မတူမြို့ သုံးမြို့ကို စစ်အုပ်ချုပ်ရေး(မာရှယ်လော)ကြေညာကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးကို စီမံအုပ်ချုပ်စေ၍ အာဏာကုန်လွှဲအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။
TNLA ဘက်ကလည်း ယခုအချိန်တွင် လုံခြုံရေးစီမံ ချက်များကို စနစ်တကျဖော်ဆောင်ထားပြီး ဒေသတွင်းစီမံအုပ်ချုပ်ရေးလုပ်ငန်းများ ထိုက်သင့်စွာ လည်ပတ်နေသည့်အတွက် ထုတ်ပြန်ခဲ့သည့် ကန့်သတ်ချက်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ထားသည်။
ပုံစာ- TNLA ဒုဥက္ကဋ္ဌတားဂျုတ်ဂျား TNLA ထိန်းချုပ်ထားသည့် နယ်မြေများအတွင်းမှဒေသခံများကို နှုတ်ဆက်နေစဉ်
#TNLA #ရှမ်းမြောက် #စစ်ကောင်စီအမိန့်များ #ဖျက်သိမ်း #Ayeyarwaddy_Times