မြရာ/ဧရာဝတီတိုင်းမ်
‌မတ် ၆ ရက်

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့် တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) ၊ ရက္ခိုင်တပ်တော် (AA) နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဆွေးနွေးခဲ့ကြရာ ထိုသို့ဆောင်ရွက် ပေးခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း စစ်ကောင်စီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် မတ် ၄ ရက်နေ့က အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု အချက်အလက်များ ပေါက်ကြားလာသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြား ရေးတာဝန်ခံဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့၏ စစ်ကောင်စီဝါဒဖြန့်ချန်နယ်များမှ တဆင့် ဖြေကြားခဲ့သည်။

“ငြိမ်းချမ်းရေးဆွေးနွေးမှုကို လုပ်ဆောင်ပေးတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံက ကူမင်းမြို့တွင် ကျင်းပခဲ့သည့် အပစ်ခတ်ရပ်စဲရေး အစည်းအဝေးနှင့် ပတ်သက်၍ ဖြစ်ချင်တာများကို လိုရာဆွဲ၍ မပြောစေရန်အတွက်ဟုဆိုကာ အချက် ခုနစ် ချက်ဖြင့် ရှင်းလင်းပြောဆိုခဲ့သည်။

“ဇော်မင်းထွန်းတို့ကတော့ ကျေးဇူး တင်တယ်လုပ်ရမှာပေါ့။ သူတို့မျက်နှာလေး ဆယ်ပေး ထားတာကိုး။ ကုန်သွယ်ရေးကိစ္စတွေ ပါလာတာကလည်း အာဆက် (ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးစာချုပ်) လို့ခေါ်တဲ့ တရုတ်ပါဝင်တဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးမှာ မြန်မာပြည်ပါဝင်လာဖို့ပါ လုပ်ပေးနေတာ” ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ဆိုသည်။

စစ်ကောင်စီသည် ရှမ်းမြောက်တွင် စစ်ရှုံး၍ နယ်မြေဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး တပ်သားအင်အား မလုံလောက်မှုနှင့် နယ်မြေဆုံးရှုံးမှုများ ထပ်မံမဖြစ်စေရန်အတွက် တရုတ်နိုင်ငံကို ကြားဝင်စေ့စပ်ပေးရန် အကူအညီတောင်း၍ အပစ်အခတ်ရပ်စဲမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏အရေးကို ဘေးနိုင်ငံများသို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများက ဖြေရှင်း ပေးသင့်ပြီး ပြည်တွင်းစစ်နှစ်ကြာလာသည်နှင့်အမျှ ကျဆုံးနိုင်ငံဖြစ်ကာ ဘေးနိုင်ငံ များကိုပါဆွဲခေါ်သွားနိုင်၍ မြန်မာပြည်တွင်းစစ်ငြိမ်းအောင်တတ်နိုင်သမျှ ဝိုင်းကူညီ ပေးသင့်သည်ဟု တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်၏ မေးမြန်းမှုကို သုံးသပ်ပြောဆိုသည်။

ယင်းသို့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုများရှိသော်လည်း အပစ်ခတ်ရပ်စဲခြင်းသည် ရှမ်းမြောက် ကိစ္စဖြစ်ပြီး ရခိုင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် သက်ဆိုင်ခြင်းမရှိဟု AA ၏ ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒေါက်တာညိုထွန်းအောင်က မတ်လ ၄ ရက်နေ့က ပြုလုပ်သည် ULA/AA ၏ သတင်းစာရှင်း လင်းပွဲတွင် တရားဝင်ပြောကြားခဲ့သည်။

ဟိုင်ဂင်သဘောတူညီချက်ကို ကောလာဟလများထွက်သည်ဟုဆိုကာ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ၏ ဖြေရှင်းပြောကြားမှုတွင် နိုင်ငံပိုင်နယ်နိမိတ်အချုပ်အခြာ အာဏာ စောင့်ထိန်းရေးသည် ဆက်လက်ခိုင်မြဲနေမည်ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ပြောဆိုခဲ့သော်လည်း ပြီးခဲ့သည့်ဖေဖော်ဝါရီ တတိယပတ်က ရုံးထိုင်စရာနယ် မြေမရှိတော့သည့် လောက်ကိုင်ဒကစကို စစ်အင်္ဂါရပ်ထဲက အပြီးတိုင် ဖယ်ရှားခဲ့ရသည်။

ထို့ပြင် ညီနောင်မဟာမိတ်လက်ထံ ပေးအပ်ခဲ့ရသည့် နယ်မြေများမှ တပ်ရင်း၊ တပ်ဖွဲ့များ ကိုလည်း လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့ရှိ တပ်ရင်း၊ တပ်မအချို့နှင့် ပူး ပေါင်းခဲ့ရသည့်အတွက် စစ်ကောင်စီ၏ရှမ်းမြောက်ရှိ စစ်အင်္ဂါရပ်တစ်ခုလုံး အပြီးတိုင် ပျောက်ကွယ်သွားပြီဖြစ်သည်။

စစ်ကောင်စီက လက်ရှိတွင် နယ်မြေများဆက်တိုက် ဆုံးရှုံးနေပြီး ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေ ဒကစ(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) ကိုပါ ခြိမ်းခြောက်ခံနေရသည့် အတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မတ် ၃ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရန် တရုတ်ပြည်ကူမင်း၌ မဟာမိတ်သုံးဖွဲ့နှင့် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့သည်ဟု တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

#စစ်ကောင်စီနယ်မြေ #ရှမ်းမြောက် #စစ်ရှုံးချိန် #ကြားဝင်စေ့စပ် #တရုတ်နိုင်ငံ #ကျေးဇူးတင် #Ayeyarwaddy_Times