
ဧရာဝတီတိုင်းမ်
မတ် ၆ ရက်
ပြင်ပပို့ကုန်တင်ပို့သူများ၏ ပို့ကုန်ရငွေ ( Export Earnings) ပေးသွင်းရန်ကျန်ရှိနေသော ကုမ္ပဏီများ သတ်မှတ်ကာလအတွင်း ပေးသွင်းခြင်းမရှိလျှင် စစ်ကောင်စီက လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီအဖွဲ့ဝင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယမန်နေ့ မတ်လ ၅ ရက်နေ့က ပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းစာများတွင်ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ကုမ္ပဏီပေါင်း ၁၃၀၀ ကျော်၏ ပို့ကုန်ရငွေများ စစ်ကောင်စီထံသို့ ပြန်လည်ဝင်ရောက်လာပြီး အဆိုပါကုမ္ပဏီများမှ အမေရိကန်ဒေါ်လာ ၂၈၃ ဒသမ ၃၆ သန်း၊ တရုတ်ယွမ် ၃၂၁ ဒသမ ၈၀ သန်း၊ ထိုင်းဘတ် ၈၇၆ ဒသမ ၁၅ သန်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီ ၂၁၅ ခုမှ ကန်ဒေါ်လာ ၄၅ ဒသမ ၁၄ သန်း၊ တရုတ်ယွမ် ၁၀၉ သန်း၊ ထိုင်းဘတ် ၁၈၇ ဒသမ ၆၇ သန်းဝင်ရောက်ခဲ့ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီထံက သိရသည်။
ဗဟိုဘဏ် သတ်မှတ်ငွေလဲလှယ်နှုန်းထားဖြင့် ပို့ကုန်ရတင်ပို့သူများက ပို့ကုန်ရငွေပမဏ၏ ၃၅ ရာခိုင်နှုန်းကိုလဲလှယ်ရမည်ဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို နိုင်ငံခြားငွေကြေးဈေးကွက် ( Online Trading Platform ) ဘဏ်များတွင်ရောင်းချရမည်ဖြစ်ကာ တစ်လအတွင်းပြီးစီးရန်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းမှသာလျှင် ပြည်တွင်းတွင် မဖြစ်မနေလိုအပ်နေသည့် သွင်းကုန်များကို တင်သွင်းနိုင်မည်ဖြစ်ပြီး နိုင်ငံတကာ ပို့ကုန်၊ သွင်းကုန်ကဏ္ဍတွင် ကုန်သွယ်မှုလိုငွေ ( Trade Deficit ) မဖြစ်စေရန်လိုအပ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။
ထို့ပြင် ယခုဘဏ္ဍာနှစ် ၂၀၂၃ – ၂၀၂၄ ခုနှစ်မကုန်မီ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလေးထားရမည်ဖြစ်ပြီး ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲကို သိအောင်လေ့လာ၍ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးကို ဗဟိုကော်မတီက ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ပို့ကုန်ရငွေသွင်းရန်ကျန် #ကုမ္ပဏီအရေးယူခံရ #exportearnings #စစ်ကောင်စီဆို #Ayeyarwaddy_Times