ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် လဲခုံလေးကျေးရွာမှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ကျေးရွာပျူစောထီး(ပြည်သူ့စစ်)အဖွဲ့မှ အနောက်ရိုးမသို့ ဖမ်းဆီးသွားပြီး ခန္ဓာကိုယ်အနှံ့ ထိုးသွင်းဒဏ်ရာများဖြင့် သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့်မတ်လ ၂ ရက်နေ့ည ၇နာရီဝန်းကျင်တွင် ဒေသခံလင်မယားနှစ်ဦးကို ကျေးရွာ ပျူစောထီး(ပြည်သူ့စစ်) အဖွဲ့ဝင် ငါးဦးမှ လက်နက်များဖြင့် ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို ကျေးရွာဒေသခံများက ဆိုသည်။

“ လင်မယားကို အရင်ရွာပြည်သူ့စစ်အဖွဲ့ဝင်တွေ ဖမ်းခေါ်သွားတယ်။ဘာအကြောင်းမှန်းတော့မသိဘူး။ အနောက်ရိုးမတောဘက်ကို ကြိုးတုပ်ပြီးခေါ်သွားတာတွေ့လိုက်ရတယ်။ လာခေါ်တဲ့သူတွေလက်ထဲမှာ သေနတ်တွေ ကိုင်ထားတာတွေ့လိုက်ရတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သည့် လဲခုံကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ဖမ်းဆီးခံရပြီး နောက်တစ်ရက်အကြာတွင် ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတို့ကို တွေ့ရှိခဲ့ရကာ ကျေးရွာပြည်သူ့စစ် အဖွဲ့ဝင်များအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ လင်မယားနှစ်ဦးနှင့် နီးစပ်သူများထံကသိရသည်။

“ အဖမ်းခံရပြီးတော့ အိမ်ကိုပြန်မလာတာနဲ့ အနောက်ရိုးမထဲလိုက်ရှာတော့ အလောင်းပဲပြန်ရှာတွေ့တယ်။ တကိုယ်လုံးရိုက်နှက်ခံထားရတာရစရာမရှိဘူး။ နောက်ပြီးတော့ အခုလိုလုပ်သွားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ရွာမှာမရှိတော့ဘူး။ ထွက်ပြေးကုန်ပြီ”ဟု ဖမ်းဆီးသတ်ဖြတ်ခံရသူ လင်မယားနှင့် နီးစပ်သည့် မိသားစုဝင်တစ်ဦးက ဆိုသည်။

အလားတူ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းကလည်း ဘိုကလေးမြို့နယ် အေရာတန်ကျေးရွာတွင် အသက်၅၄ နှစ်အရွယ်ရှိ ဦးစိုးနိုင်ဆိုသူအား ကျေးပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင်များမှ မသင်္ကာဟု အကြောင်းပြ၍ ကျေးရွာအနီးလယ်ကွင်းနေရာသို့ ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ကာ အလောင်းမီးရှို့ ဖျောက်ဖျက်မှုဖြစ်ပွားခဲ့သေးသည်။

#လေးမျက်နှာ #လဲခုံလေးကျေးရွာ #ဒေသခံ၂ဦး
#ပြည်သူ့စစ် #ဖမ်းဆီးပြီးသတ်ဖြတ်
#Ayeyarwaddy_Times