
ဧရာဝတီတိုင်းမ်
မတ် ၆ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်အတွင်းက မြို့နယ်အချို့မှာ ၁၄ ရက်ကြာ စစ်သင်တန်းများကို နီးစပ်ရာ တပ်ရင်းတွေမှာ မတ်လ ၁ ရက်နေကစပြီး ဖွင့်လှစ်သင်ကြားပေးနေကြောင်း သတင်းရရှိသည်။
“သင်တန်းတွေစပြီး ပို့ချနေတာတွေ့တယ်။ မြို့ပေါ်က အသိတွေတော့ မတွေ့ရဘူး။ နယ်ဘက်ကလူတွေလို့ထင်တယ် “ ဟု မျက်မြင်တွေ့သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုဖွင့်လှစ်နေသည့် ၁၄ရက်ကြာ စစ်သင်တန်းများတွင် သင်တန်းသာ ၂၀ ဦးပါဝင်ပြီး တစ်လလျှင် တစ်ကြိမ် ဖွင့်လှစ်ပို့ချသွားမည်ဟု သိရသည်။
စစ်သင်တန်းတက်ရောက်သူများ၏ စားသောက်ရေးအတွက် သက်ဆိုင်ရာတပ်များက တာဝန်ယူထားပြီး သင်တန်းတက်ရောက်သူများအတွက် ထောက်ပံ့ကြေးကို ရပ်ကွက်နှင့် ကျေးရွာများက တာဝန်ယူ ထောက်ပံ့ပေးရကြောင်း သိရသည်။
“တအိမ်ကို ကျပ် ၅၀၀၀ ထောင်စီ ကောက်ပြီးတော့ သင်တန်းတက်တဲ့ကောင်းလေးတွေကို ထောက်ပံ့ရတယ်။ ကျွန်တော်တို့မှာ ညတိုင်း ပတ်ကင်းလှည့်ရတဲ့ စရိတ်၊ စနေနေ့တိုင်း သန့်ရှင်းရေး လုပ်သားတွေ အတွက်စရိတ်နဲ့ အခုဆို စစ်သင်တန်းတက်တဲ့ လူတွေရဲ့ စရိတ်ဆိုတော့ စရိတ်က မသေးလှဘူး” ဟု ကွင်းကောက်ဒေသ မှ အုပ်ချုပ်ရေးမှူးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်သင်တန်းများကို မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့ရှိ စစ်တပ်များတွင် ဖွင့်လှစ်သင်ကြားနေခြင်း ဖြစ်သည်။
ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#ဧရာဝတီတိုင်း #ဟင်္သာတခရိုင်# မြန်အောင်မြို့ #အင်္ဂပူမြို့နယ် #၁၄ရက်ကြာ #ပြည်သူ့စစ်သင်တန်း
#Ayeyarwaddy_Times