ဗွီအာတီ၊ ဧရာဝတီတိုင်းမ်
(မူဆယ်)၊ ဩဂုတ်လ ၂ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့တွင်းမီးပွိုင့်အနီးတွင် ယနေ့ ဩဂုတ်လ(၂)ရက်နေ့ မနက်(၁၁)နာရီအချိန်ခန့်က နမ့်ခမ်းပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးပစ်ခတ်ခံရကြောင်းဒေသခံများထံမှ သိရသည်။
မူဆယ်မြို့၊ အမှတ် ၁ ဈေးမီးပွိုင့်အနီးတွင် ယာဉ်ရပ်နားနေသော ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးကို ဆိုင်ကယ်စီးလာသော အမည်မသိအမျိုးသား ၂ ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပစ်ခတ်မှုကြောင့်၂ ဦးစလုံး ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိသူအချို့က ဆိုသည်။
“ဒီနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်မှာ မူဆယ်မြို့၊ မြို့လယ်ခေါင်မီးပွိုင့်အနားမှာ စစ်ကောင်စီလက်အောက်ခံ နမ့်ခမ်းပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးပစ်ခတ်ခံခဲ့ရပါတယ်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လမ်းဘေးမှာ ယာဉ်ခေတ္တရပ်နားနေချိန် ဆိုင်ကယ်စီးလာတဲ့ အမည်မသိအမျိုးသား ၂ ဦးက သေနတ်နဲ့ အနီးကပ်ပစ်ခတ်လိုက်တာ၊ ပစ်ခတ်ခံလိုက်ရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးက ခေါင်းနဲ့ လည်ပင်းတွေမှာ ဒဏ်ရာရရှိပြီးလူနာယာဉ်နဲ့ မူဆယ်ပြည်သူ့ဆေးရုံဘက်ကို ခေါ်ဆောင်သွားပါတယ်” ဟု မူဆယ်မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဩဂုတ်လ(၁)ရက်နေ့ကလည်း မူဆယ်မြို့၊ နာရီစင်အနီးတွင် ဗုံးပေါက်ကွဲမှုကြောင့် ဈေးဝယ်အမျိုးသမီး ၁ ဦးသေဆုံးကာ ယာဉ်ထိန်းရဲ ၁ ဦး၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အဆိုပါလူနာများကို မူဆယ်မြို့၊ ပြည်သူ့ဆေးရုံမှ လားရှိုးမြို့၊ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသနေကြောင်း ဆေးရုံတာဝန်ခံတစ်ဦးထံမှ သိရသည်။
ထို့ပြင် ယမန်နေ့၊ ည(၉)နာရီအချိန်ခန့်က မြို့မရဲစခန်းရှေ့အပါအဝင် မူဆယ်မြို့တွင်းတွင် ဗုံးပေါက်ကွဲမှု ၅ ဆက်တိုက်ကြိမ်ဖြစ်ပွားပြီး မြို့မရဲစခန်းရှေ့တွင် နောက်ဆုံးပေါက်ကွဲပြီးနောက် ရဲစခန်းရှေ့က ဖြတ်သွားသော ကားတစ်စီးကို ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူအမျိုးသား ၁ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံများထံက သိရသည်
ဓာတ်ပုံ – ပေးပို့