ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ နတ္တ လင်းမြို့နယ်၊ လယ်မအင်းအုပ်စု၊ အောင်သုခရွာက စစ်ကောင် စီခန့်အုပ်ချုပ်ရေးမှူး သြဂုတ်လ ၁ ရက် မနေ့ညပိုင်းက သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပစ်ခတ်ခံရသူဟာ စစ်ကောင်စီခန့်ရာအိမ်မှူး ဦးလှစိုး နဲ့ သူ့ရဲ့တပည့် ၁ ဦးတို့ဖြစ်ပြီး အမည်မသိသေနတ်သမားတွေက မနေ့ည ၁၀ နာရီဝန်းကျင်မှာ ပစ်ခတ်လို့ အုပ်ချုပ်ရေးမှူးပွဲချင်းပြီးသေဆုံးပြီး တပည့်ဖြစ်သူဆေးရုံတင်ကုသနေရတယ်လို့ သိရပါတယ်။

” မနေ့ညက ၁၀ နာရီလောက်မှာဝင်ပစ်သွားတာ၊ အဲ့ရွာနည်းနည်းငယ်တယ် တောင်ညိုအပိုင်ထဲက။ အုပ်ကြီးနဲ့တပည့် ၂ ယောက်အတူတူရှိနေတာ အုပ်ကြီးကပွဲချင်းပြီးသေသွားတယ်၊ သူ့တပည့်ကဆေး ရုံမှာကုနေရတယ် ” လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဒီပစ်ခတ်မှုကို နတ်တလင်းမြို့နယ် နတ်စစ်သည် တပ်ဖွဲ့ ကပြုလုပ်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

အလားတူမနေ့ည ၈ နာရီခွဲဝန်းကျင်မှာဘဲရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ကရင်ချောင်းကျေးရွာအုပ်စု ဘီခိုကျေး ရွာက စစ်ကောင်စီသတင်းပေး ၁ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်သတင်းပေးဟုဆိုသူ သိန်းဝင်း(ခ) ငပူး ဆိုသူအား အမည်မသိလူစုက ပစ်သတ်သွားတာကြောင့်သေဆုံးသွားတယ်လို့ဆိုပါတယ်။

”သူက စစ်ကောင်စီနဲ့ပေါင်းပြီးဒေသခံတွေကို ဒုက္ခပေးနေတာ။ သူကြောင့်ဖမ်းဆီးခံရတဲ့သူလည်း မနည်းတော့ဘူး ။ စစ်တပ်က အပစ်မဲ့ ပြည်သူနှစ်ဦး အကြောင်းမဲ့ ပစ်သတ်ခဲ့တုန်းကလည်း သူက အဓိက ပါဝင်ပတ်သက်ခဲ့တာ” လို့ တွံတေးဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုကိုတွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့က ရှင်းလင်းလုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။