ဧရာဝတီတိုင်း
မတ် ၆ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ပုရွတ်ဆိပ်ကျွန်းတွင် စစ်‌ကောင်စီရေတပ်မှ စစ်သင်္ဘောကျင်း တည်ဆောက်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

ငပုတောမြို့နယ် ပုရွတ်ဆိပ်ကျွန်းတွင် ပြီးခဲ့သည့်မတ်လ၁ရက်နေ့ကစပြီး စစ်ကောင်စီရေတပ်မှ ရှရှားစစ်အင်ဂျင်နီယာများ၏ အကူအညီကို ရယူကာ နှစ်လအတွင်း ရေနက်ဆိပ်ကမ်းသင်္ဘောကျင်း တည်ဆောက်နေကြောင်း အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ရှရှားစစ်အင်ဂျင်နီယာတွေနဲ့ စကစ စစ်အင်ဂျင်နီယာတွေ ပေါင်းပြီး ရေနက်စီမံကိန်းပုံစံ အခုမတ်လက စလုပ်နေတာ။ သင်္ဘောကျဉ်းပုံစံပဲ။ အဓိက ရေတပ်ကစစ်သင်္ဘောတွေကိုထားမယ်ပေါ့။ နောက်ပြီး ကမ်းခြေကစံနဲ့ လက်နက်ကြီးတွေနဲ့ပစ်ဖို့ပါပြင်ထားတဲ့သဘောပြောလို့ရတယ်။ အခုစီမံကိန်းက လျို့ဝှက်ပြီးလုပ်ခိုင်းတာ။ အချိန်မြန်မြန်နဲ့ ပြီးအောင်လုပ်နေတယ်။ နှစ်လလောက်ပဲကြာမယ်လို့သိထားတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောဆိုသည်။

အဆိုပါ စီမံကိန်းပြုလုပ်နေစဉ်အတွင်း ပုရွတ်ဆိပ်ကျွန်းနေရာအနီးတဝိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျွန်းနီးတဝိုက်၌ စစ်သင်္ဘောငယ်များဖြင့် ကင်းလှည့်ကာ လုံခြုံရေးရယူတပ်စွဲနေပြီး ပစ္စည်းကုန်တင်ယာဉ်များ နေ့ရောညပါ သွားလာနေသည်ကို တွေ့မြင်နေရကြောင်း ဒေသခံများထံကသိရသည်။

“စစ်တပ်တွေ ပုရွတ်ဆိပ်ကျွန်းအနားမှာ တပ်စွဲထားတယ်။ အယောက် ၅၀ လောက်တော့ရှိမယ်။ စစ်သင်္ဘောတွေနဲ့လည်း ကင်းပတ်နေတာနေ့တိုင်းပဲ။ နောက်ပြီးဆောက်လုပ်ရေးကုန်ကားတွေ အဲ့ဘက်ကိုသွားတာ နေ့ရောညရောပဲ။ တခါသွားရင်အစီး ၂၀လောက်ရှိတယ်။ ခဏခဏသွားနေတာ” ဟု ပုရွတ်ကျွန်း၌နေထိုင်သည့် ဒေသခံတစ်ဦးကဆိုသည်။

ဧရာဝတီတိုင်း၌ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ဟိုင်းကြီးကျွန်းမြို့နယ်ရှိ ပမ္မဝတီရေတပ်ဌနချုပ်အနီးတွင် စစ်သင်္ဘောကျင်း ဆိပ်ကမ်းတစ်ခုကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် ဆောက်လုပ်ရေးကုမ္ပဏီမှ ကန်ထရိုက်ရယူကာ အမြန်တည်ဆောက်ခဲ့သည်။

#ငပုတောမြို့နယ် #ပုရွတ်ဆိပ်ကျွန်း #စစ်‌ကောင်စီရေတပ် #စစ်သင်္ဘောကျင်း #ဟိုင်းကြီးကျွန်း #ပမ္မဝတီရေတပ်ဌနချုပ် #စစ်ခေါင်းဆောင် #အောင်ပြည့်စုံ
#Ayeyarwaddy_Times