မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၆ ရက်

စစ်ရေးပြင်ဆင်နေသည့် ပဲခူးတိုင်းအနောက်ခြမ်းနှင့် စစ်ရေးပြင်းထန်နေသည့် တောင်ပိုင်း တိုင်းရှိ ရှေ့တန်းနယ်မြေများသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)- ပြည်ဒကစ ၏ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့၊ တပ်မဌာနချုပ်များမှ စစ်အင်အားနှင့် အရန် အင်အားများကို ပို့ဆောင်လိုက်ရသည့်အတွက် လာရောက်တိုက် ခိုက်ခံရမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ပြည်မြို့အခြေစိုက် ပြည်ဒကစသည်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ၏ လက်အောက်ခံ ဒကစအနေဖြင့် ပဲခူးတိုင်း၏ စစ်ဘပ်နှင့်အရပ်ဘက် အုပ်ချုပ်ရေး၊ စစ်ရေးများကို အဓိကကွပ်ကဲနေရပြီး ပဲခူးတိုင်းအနောက်ခြမ်းနှင့် တောင်ပိုင်းတိုင်း အတွင်း စစ်ရေးအရှိန်မြင့်လာသည်နှင့်အမျှ ရှေ့တန်းသို့ပို့ခံရသည့် စစ်အင်အား ပြုန်းတီး လာသည့်အတွက်ကြောင့် ပြည်ဒကစကို ခုခံရန်လုံလောက်သည့် အင်အားမရှိတော့ ကြောင်းသိရသည်။

စစ်ကောင်စီ၏ လောက်ကိုင်ဒကစ လက်နက်ချ အညံ့ခံပြီးနောက် ယခုစစ်တွေဒကစ ကိုပါ ခြိမ်းခြောက်ခံနေရသည့်အတွက် လက် နက်အင်အား၊ လူအင်အားမရှိသညိ့ ပြည်ဒကစ အနေဖြင့် ၀င်ရောက် တိုက်ခိုက် ခံရမည်ကို စိုးရိမ်လျက်ရှိကြောင်း ပြည်ဒကစနှင့်နီးစပ်သည့် တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

“ပြည်ဒကစထဲထိုင်နေတဲ့ တပ်မမှူး၊ တပ်ရင်းမှူးတွေ အရာရှိအချို့က စစ်ရေးအတွေ့ အကြုံမရှိကြဘူး။ အကြောင်းအမျိုးမျိုးနဲ့ ရာထူးကြီးတွေကို ရထားကြတာ။ စစ်ရေး ရောက်လာမှာကို စိုးရိမ်နေကြတယ်။ လက်နက်အင်အားကလည်း မရှိတော့ လက်နက်အင်အားရော လူအင်အားရောအပြည့်ရှိတဲ့ လောက်ကိုင်ဒကစတောင် လက်နက်ချသွားတာဆိုတော့ စိုးရိမ်သင့်ပါတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

စစ်ရေးလှုပ်ရှားမှုများရှိသော်လည်း တိုင်းရင်းသားနယ်မြေများရှိ ဒကစများလောက် စစ်ရေးစီမံမှုမရှိသည့်အတွက် စစ်ရေးအတွေ့အကြုံနည်းပါးပြီး ပြည်ဒကစလက် အောက်ခံ ခလရ-၉၂ ပန်းတောင်း၊ ခလရ-၅၃ ပေါက်ခေါင်း၊ ခလရ-၇၅ နှင့် ကျန်ရှိသည့် ကပစ တပ်ရင်းတပ်ဖွဲ့များသည်လည်း အင်အားမရှိသောကြောင့် ဖွဲ့စည်းပုံပျက်သည်ဟု ဆိုနိုင်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ထို့အပြင် အဆိုပါ ဒကစမှ တပ်ဖွဲ့၀င်များကို နေပြည်တော်ရှိ အရာရှိအိမ်ရာများနှင့် ဌာနဆိုင်ရာများတွင် လုံခြုံရေးချထားရန် ပို့ဆောင်ပေးနေရမှုများလည်းရှိကြောင်း သိရသည်။

ယင်းသို့ လူအင်အားနည်းပါးနေသည့် ပြည်ဒကစ ကို ခုခံစစ်ပြင်ဆင်ရန် ပြည်သူ့ စစ်အဖွဲ့များ အပြင်းအထန်စုဆောင်းလျက်ရှိပြီး ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံ အချို့ကိုလည်း ခလရ-၉၂ တပ်ရင်းတွင် စစ်သင်တန်းပေးခဲ့ကြောင်း ပြည်မြို့ တော်လှန်ရေးအင် အားစု Pyay Underground News-PUGN ထံကသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ပြည်မြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် ကညနရုံးနှင့်ကပ်လျက်ရှိ စရဖ(SB)နှင့် မှုခင်းရဲတပ်ဖွဲ့(CID)အိမ်ရာ၀န်း ဗုံးဖောက်ခွဲ ခံရပြီးနောက် မြို့၀င်မြို့ထွက်ဂိတ်များတွင် အင်အားဖြန့်ကျက်ထားသည့် တပ်အချို့ကို ရုတ်သိမ်းကာ ပြည်ဒကစကို ခုခံစစ်ပြင်ရန် အင်အားစုစည်းလျက်ရှိကြောင်း သိရသည်။

ထို့အပြင် မင်းကြီးတောင်ပေါ်ရှိ စစ်ဘက်ရေးရာလုံခြုံ ရေးအရာရှိချုပ်ရုံး (စရဖ) စခန်းဘေးတွင် လေ ကြောင်းရန်ကာကွယ်ရေး လက်နက်အချို့နှင့် ၆၀ မမ၊ ၁၂၀ မမ စသည့်လက်နက်ကြီးအချို့ကိုလည်း တပ်ဆင်ပြင်ဆင်ထားလျက်ရှိသည်ဟု တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ စစ်ကောင်စီအုပ်ချုပ်ခွင့် ရသည့် နယ်မြေများ တပ်ရင်း၊ တပ်မ၊ တပ်ဖွဲ့များကို AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းယူနေသည့်အတွက် ရခိုင်နှင့် ထိစပ်နယ်မြေများမှတဆင့် ပြည်ဒကစအတွင်းသို့ ၀င်ရောက်တိုက်ခိုက်ခံရမည် ကို စိုးရိမ် လျက်ရှိကြောင်း သိရသည်။

ပုံစာ-ပြည်ဒကစစစ်ရေးပြကွင်း၌ မိန့်ခွန်းပြောနေသည့် ဒကစမှူးဟောင်း ဗိုလ်မှူးချုပ် အောင်နိုင်ဦး (ပုံဟောင်း)

#ပဲခူးအနောက်ခြမ်း #ပြည်ဒကစ #တိုက်ခိုက်ခံရ #စိုးရိမ် #Ayeyarwaddy_Times