ဧရာဝတီတိုင်းမ်
(ဖားဆောင်း)၊ မတ် ၆ ရက်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ဖားဆောင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့မှ စတင်ကာ ယနေ့ မတ်လ ၆ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအချို့သည် တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံမှုများ ရှိလာကြောင်း သိရသည်။

နှစ်ဖက် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးများ၊ မီးလောင်‌ ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများလည်း စဉ်ဆက်မပြတ်ပြုလုပ်နေသည့်အတွက် မြို့တွင်းရှိ နေအိမ် အများစုမှာ မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။

“ဖားဆောင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။ ဖားဆောင်မြို့နယ်မှာကတော့ ပြည်သူတော်တော်များများကစစ်ရှောင်သွားကြတာကြာပြီ။ ဖားဆောင်းမှာကျန်ခဲ့တဲ့သူ တော်တော်များများက စစ်ကောင်စီတပ်ခိုင်းတာ လုပ်ပေးနေရတဲ့သူတွေ။ စစ်ကောင်စီ ဝန်ထမ်း‌တွေပဲကျန်မယ်။ နောက်ပြီးသူတို့နဲ့ဆက်စပ်တဲ့မိသားစု ဆွေမျိုးသားချင်း လောက်ပဲကျန်မယ်။ အဲ့ဒီလူတွေကလဲ တိုက်ပွဲကြားကနေထွက်ပြေးသွားတာ မျိုးတွေ တော့ရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကို ခိုလှုံသွားတာမျိုးတွေ လည်း ရှိတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ဖားဆောင်းမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ကွက်သစ်ရပ်ကွက်ကို ပြီးခဲ့သည့် မတ် ၃ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသခံ ငါး ဦးနှင့်အထက် သေဆုံးခဲ့ပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခုအခါ ဖားဆောင်းမြို့ပေါ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပြီး ဖားဆောင်းရဲစခန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းပိုက် ရရှိထားကာ စစ်ကောင်စီတပ်ရင်းများ၊ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ကရင်နီပြည်နယ်ရှိ မယ်စဲ့မြို့၊ ဖားဆောင်းမြို့နှင့် နယ်မြေချင်းကပ်ရက်ရှိ မယ်စဲ့မြို့နယ်များကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ‌ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ ယခုအခါ ဖားဆောင်းမြို့ကို သိမ်းပိုက်နိုင်ရန် ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဖားဆောင်း #ကရင်နီ #မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times