
ဧရာဝတီတိုင်းမ်
(ကလေး)၊ မတ် ၆ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်နှင့် မြို့အနီးအနား ဝန်းကျင်တွင် စစ်ရေးအရှိန်မြှင့်တင်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြီးနောက် မြို့ပေါ်နေ ဒေသခံပြည်သူများသည် မီဇိုးရမ်ပြည်နယ်နှင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒေသခံအရပ်သားများကို အကြောင်းမဲ့ပစ်သတ်ခြင်းတို့ကြောင့် ဒေသခံများအနေဖြင့် အပြင်မထွက်ရဲသဖြင့် မိသားစုစားဝတ်နေရေးအခက်အခဲများကြုံတွေ့လာကာ ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်သည်။
“မြို့ပေါ်က ဆိုင်တွေလည်း အကုန်ပိတ်ထားတယ်။ အပြင်ထွက်ပြီး အလုပ်လည်း လုပ်လို့ မရတော့ဘူးလေ။ မြို့ကလည်း တိတ်ဆိတ်နေပြီ။ အိမ်ထဲမှာပဲ ပုန်းအောင်းနေရတော့ ကြာရင် စားဝတ်နေရေးအတွက် အဆင်မပြေတော့ဘူး။ ဒါကြောင့် အခုလို မီဇိုးရမ်ဘက်ကိုတိမ်းရှောင်လာတာပါ။ မြို့လုံးကျွတ်ထွက်ပြေးတာတော့ မဟုတ်ပါဘူး။ မြို့ပေါ်မှာတော့ ပြည်သူအချို့တော့ ရှိပါသေးတယ်။ ဒါပေမယ့် အများစုကတော့ ထွက်ပြေးတိမ်းရှောင်နေကြပြီ” ဟု
မီဇိုးရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်း၍ ပစ္စည်းခိုးယူမှုများရှိနေပြီး ပစ္စည်းများလိုက်လံခိုးယူနေသော အမျိုးသား နှစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့က သတ်ပစ်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-ကလေးမြို့မှ ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများ။
#ကလေးမြို့ #စစ်ရေးတင်းမာ #မီဇိုးရမ် #ထွက်ပြေးတိမ်းရှောင်သူများပြား #Ayeyarwaddy_Times