ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေကို ရက္ခိုင့်တပ်တော် (AA) ဝင်ရောက်မလာစေရန် ကုန်းတွင်းပိုင်းနှင့် ဆက်သွယ်ထားသည့် တံတားများကို ချိုးပြီးနောက် စစ်တွေမြို့အတွင်း စစ်အင်အားဖြည့်တင်းရန် ရေကြောင်းပိုင်းကို အသုံးပြုနေရကြောင်း သိရသည်။

စစ်ကောင်စီသည် မြို့တော်စစ်တွေကို တံတားများနှင့် ချိတ်ဆက်ထားသည့် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို ရက္ခိုင့်တပ်တော် (AA) ဝင်ရောက်တိုက်ခိုက်နေစဉ်ကတည်းက ၎င်းမြို့နယ် နှစ်ခုနှင့် ချိတ်ဆက်ထားသည့် တံတားနှစ်စင်းကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်း လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ရက်နေ့က ပုဏ္ဏားကျွန်း-စစ်တွေ ဆက်သွယ်ထားသည့် မင်းချောင်းတံတားခေါ် အမြင့်ကျွန်းတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့သည်။

ထိုအပြင် ဖေဖော်ဝါရီ ၁၁ရက်နေ့ ညပိုင်းကလည်း ကျောက်တော်-စစ်တွေဆက်သွယ်ထားသည့် ကစ္ဆပနဒီတံတားကိုလည်း AA အလံစိုက်ထူထားသည့် ဘက်ခြမ်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲဖျက်ဆီးခဲ့သည်။

“စစ်ရေးက စစ်တွေတပ်နယ်ထဲရောက်နေပြီလို့ပြောလို့ရပါတယ်။ ခမရ-၅၅၀က စစ်တွေတပ်နယ်ထဲပါပါတယ်။ ဒါ့အပြင် ရသေ့တောင်- စစ်တွေ ကားလမ်းပေါ်မှာရှိတဲ့အတွက် ရသေ့တောင်ရော စစ်တွေကိုပါ ကုန်းလမ်းအားဖြင့် ဖြတ်တောက်ပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ရသေ့တောင် ပုဏ္ဏားကျွန်းလမ်းပိုင်းပေါ်က စေတီပြင်တံတားကို လေကြောင်းကနေ ဖျက်ဆီးလိုက်ပြီးဖြစ်ပါတယ်။ စစ်တွေအတွက်ကတော့ တပ်ကူဟာ ရေလမ်းနဲ့ အပေါ်ကောင် နှစ်မျိုးပဲ ရှိပါတော့တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားသည်။

စစ်ကောင်စီသည် ပုဏ္ဏားကျွန်း -စစ်တွေဆက်သွယ်ထားသည့်တံတားကို ချိုးဖျက်ပြီးနောက် ပုဏ္ဏားကျွန်းရှိ ခမရ-၅၅၀ ကို AA ဝင်ရောက်တိုက်ခိုက်ချိန် ဖေဖော်ဝါရီ၂၈ရက်နေ့က စစ်တွေမှ သံချပ်ကာကားများနှင့် စစ်ကူများပေးပို့ခဲ့သော်လည်း AA ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကြောင့် သံချပ်ကာကား နှစ်စီး မီးလောင်ပျက်စီးပြီး စစ်ကူများလည်း ခမရ-၅၅၀ ရောက်ရှိခဲ့ခြင်း မရှိပေ။

ထိုသို့ မြေပြင်စစ်ကူမပို့နိုင်၍ ရေကြောင်းမှ ဇက်သင်္ဘောများနှင့် ပုဏ္ဏားကျွန်းကို စစ်ကောင်စီက စစ်ကူပို့သော်လည်း AA က ရှေ့ဆက်မတက်နိုင်အောင် ဟန့်တား ပစ်ခတ်ခဲ့သည့်အတွက် သင်္ဘော သုံးစီးလုံး ထိခိုက်ပျက်စီးမှုများပြီး လိုက်ပါလာသည့် စစ်ကူများ ထိခိုက်သေဆုံးမှုများကြောင်း AA၏ ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီသည် စစ်တွေမြို့၊ကုန်းတွင်းပိုင်းရှိတံတားများကိုချိုး၍ ပြည်သူများကိုလည်း ဝင်ထွက်ခွင့် ကန့်သတ်ပြီးနောက် စစ်တွေမကျစေရေး ရေးဆွဲထားသည့်စီမံချက်အတိုင်း စစ်ကူများကို ရေကြောင်းမှနေ၍ အင်အားဖြည့်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် စစ်တွေ ဒေသကွပ်ကဲမှုဆိုင်ရာ စစ်ဌာနချုပ် ဒကစကို လောက်ကိုင် ဒကစကဲ့သို့မဖြစ်စေရန် စီစဉ်လျက်ရှိပြီး မိသားစုများရှိပါက လက်နက်ချမည်ကို စိုးရိမ်ရသည်ဟုဆိုကာ စစ်တွေရှိ တပ်မိသားစုဝင်များကို ရန်ကုန်နှင့် နေပြည်တော်သို့ လေယာဉ်နှင့်ပို့ဆောင် ရွှေ့ပြောင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုံစာ-စစ်တွေမြို့တွင်လှည့်လည်သွားနေသော သံချပ်ကာကားနှင့် မီးလောင်ပြီးနောက် တွေ့ရသည့် သံချပ်ကာကား
#စစ်တွေမြို့ #စစ်ကောင်စီ #တံတားများချိုး #ရေကြောင်းမှစစ်ကူပို့ #Ayeyarwaddy-Times