ဧရာဝတီတိုင်းမ်
မတ် ၅ ရက်

ပြည်ပပို့ကုန်သမားများသည် ကိုယ်တိုင် Export ပို့ထားသောငွေကိုအသုံးပြုကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁ ရက်လျှင် အမေရိကန်ဒေါ်လာ ၃ သိန်း အထက်မကျော်လွန်စေဘဲ သွင်းကုန်လိုင်စင်လျှောက်ထား နိုင်ကြောင်း သိရသည်။

စစ်ကောင်စီသည် ကုန်သွယ်မှုလိုငွေ Trade Deficit Amount (ကုန်သွယ်မှုလိုငွေပမာဏ) ကိုလျော့ချလိုသဖြင့် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်းထက်ကျော်လွန်ခြင်း မရှိစေရန်အတွက် ထိန်းညှိဆောင်ရွက်ခြင်းဖြစ်ကြောင်း ကုန်သွယ်ရေးလုပ်ငန်း Trading ကုမ္ပဏီတစ်ခုမှထံက သိရသည်။

“ အပေါ်ကချလိုက်တဲ့ ဆုံးဖြတ်ချက်ကိုအောက် ကလူတွေမသိဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒေါ်လာ ၃ သိန်းပဲခွင့်ပြုမယ်ဆိုတော့ ဘယ်လိုခွဲပေးမှာလဲ။ ကုမ္ပဏီတစ်ခု ငါးသောင်းနဲ့ဆိုရင်တောင် ခြောက် ခုနဲ့ကုန်နေပြီ။ ဝန်ကြီးဌာနက ထုတ်တယ်ဆိုတဲ့ အဲဒီအမိန့်ပတ်သက်ပြီး ကုန်သွယ်ရေးကိုမေးတော့လည်း ဘယ်သူမှ မသိဘူး။ ဘာ ထုတ်ထုတ်အပေါ်ကထုတ်ရင် အောက်ကလူတွေအထိ သိအောင်လုပ်ရမှာ “ Treading ကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူ အမျိုးသမီးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပို့ကုန်ရငွေဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် အမေရိကန်ဒေါ်လာ ၃ သိန်းကျော်လွန်နေပါက ဌာနက စိစစ်၍ ရာခိုင်နှုန်းအလိုက်သာခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ သွင်းကုန်တန်ဖိုး ကန့်သတ်လိုက်တဲ့ ညွန်ကြားချက်ကြောင့် ကုန်သွယ်ရေး(Treading ) ကုမ္ပဏီတွေ လုပ်ငန်းနှေးကွေးသွားမယ်။ စားသုံးသူ ကဈေးကြီးပေးဝယ်ရမယ့်အပြင် မှောင်ခိုသွင်းလို့ ပစ္စည်းအညံ့တွေဝင်လာမယ်” ဟု ထိုင်ဝမ်နိုင်ငံမှ လူသုံးကုန်ပစ္စည်းတင်သွင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံတွင် အသုံးပြုနေသော စားသုံးကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းများ အပါအဝင် ကုန်ထုတ်လုပ်ငန်းများအတွက် ကုန်ကြမ်း ပစ္စည်းများကို ပြင်ပနိုင်ငံများမှသွင်းယူရခြင်း ဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံခြားငွေထွက်မည်စိုးရိမ်၍ သွင်းကုန်များကိုကြပ်မတ်ရာတွင် ပို့ကုန်လိုင်စင်/ ပါမစ်များ၏ သက်တမ်း ၂ လအဖြစ်ပြင်ဆင်လိုက်ပြီး ကုန်ပစ္စည်း တင်ပို့မည့် အထောက်အထားတင်ပြလာပါက အထူးသက်တမ်းတိုး (၁၄) ရက် ခွင့်ပြုမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သွင်းကုန်လိုင်စင်လိုအပ်သောကုန်ပစ္စည်းများ နံပါတ်သတ်မှတ်လိုက်ရာတွင် Harmonized System (HS) Code (10 Digit ) ဖြင့် ကုန်စည်လိုင်း ၈၇၇၄ လိုင်းဖြင့် ကုန်ပစ္စည်းအမျိုးအစားပေါင်း ငါးထောင်ကျော် တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် သွင်းကုန်လိုင်စင်လိုအပ်သော ကုန်ပစ္စည်း အမျိုးအစားပေါင်း Harmonized System Code (10 Digit ) ဖြင့် ကုန်စည်လိုင်း ၃၉၃၁ လိုင်းသာရှိခဲ့သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – သီရိမင်္ဂလာဈေးဟောင်းကိုဖြိုဖျက်ပြီး‌အနောက်ဘက်ရှိ အေးရှားလ်ဝေါ ဆိပ်ကမ်းပုံ
#စစ်ကောင်စီ #သွင်းကုန်များတင်သွင်းခြင်း #ကန့်သတ် #၁ရက်အမေရိကန်ဒေါ်လာ၃သိန်း #မကျော်လွန် #တင်သွင်းရမည် #Ayeyarwaddy_Times