
ဧရာဝတီတိုင်းမ်
မတ် ၅ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ နောက်ဆုံးကျန်ရှိသော စစ်ကောင်စီ၏ ခမရ-၅၅၀ တပ်ရင်းကို ရက္ခိုင်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်၍ မြို့ကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော် (AA) ကထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းကို ယမန်နေ့ မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက်နေ့ကတည်းက AA ၏ ဝင်ရောက်တိုက်ခိုက်ခြင်းခံနေရသည့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ-၅၅၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့ မတ်လ ၁ရက်နေ့မှစ၍ စခန်းမှ ဆုတ်ခွာသွားခဲ့ကြပြီး ကျန်ရှိနေသည့် တပ်ဖွဲ့ဝင်များကို AA က အပြီးတိုင်တိုက်ထုတ်၍ မြို့ကို ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ရက်နေ့က ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ခမရ- ၅၅၀ ကို ဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AA ၏ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီသည် ပုဏ္ဏားကျွန်း၏ နောက်ဆုံးခံစစ် ခမရ-၅၅၀ မကျစေရေးအတွက် ကြည်း၊ ရေ၊ လေဖြင့် အပြင်းအထန်ခုခံကာကွယ်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီ၏ ခမရ-၅၅၀တပ်ရင်းတွင် ဘားအံအခြေစိုက် တပ်မ(၂၂) လက်အောက်ခံ ခမရ-၂၀၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားဖြည့်ထားရှိထားကြောင်း သိရသည်။
တိုက်ပွဲရက် ၅ ရက် ခန့်ကြာမြင့်ချိန် ဖေဖော်ဝါရီ ၂၈ရက်တွင် စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းနှင့် လူအင်အားလျော့နည်းလာသည့်အတွက် စစ်တွေမြို့မှနေ၍ ပုဏ္ဏားကျွန်းသို့ စစ်ကောင်စီက သံချပ်ကာ ကားများပါသည့် စစ်ကြောင်းဖြင့် စစ်ကူပို့ခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို AAကကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ သံချပ်ကာကား ၂စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း AA က ရုပ်သံမှတ်တမ်းများဖြင့် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ရက်နေ့က AAတပ်များ ပုဏ္ဏားကျွန်းမှတဆင့် စစ်တွေမြို့သို့ ဝင်ရောက်လာမည်ကိုစိုး၍ ပုဏ္ဏားကျွန်း- စစ်တွေဆက်သွယ်ထားသည့် မင်းချောင်းတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် ယခုကဲ့သို့ ပုဏ္ဏားကျွန်းသို့ စစ်ကူရန် ခက်ခဲခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော် AAက ပလက်ဝ၊ ဆမီး၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်းမြို့များကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
#ပုဏ္ဏားကျွန်း #AA #တိုက်ခိုက်သိမ်းပိုက် #ခမရ၅၅၀ #Ayeyarwaddy_Times