
နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၅ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးဝင်ရောက်လာ၍ ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရပြီး စားဝတ်နေရေး အခက်ခဲများဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်နေရသူများထံက သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့်လ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ရွာစဉ်ပတ်ကာ ဒေသခံများ၏ ပစ္စည်းများကိုခိုးယူခြင်း၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးဖျက်ဆီးခြင်းများ ပြုလုပ်နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ပုန်းခို ရှောင်တိမ်းနေကြရကြောင်းသိရသည်။
“ဒီကနေ့အထိ ရွာတွေက မထွက်ကြသေးဘူး။ တစ်ရွာပြီးတစ်ရွာ စစ်ကြောင်းထိုး ဝင်ရောက်နေတာ။ ရွာတွေမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေလည်းကုန်ပြီ။ မသယ်နိုင်တဲ့ ပစ္စည်း တွေဆိုရင် မီးရှို့ ဖျက်ဆီးခဲ့တာ။ ဝက်တွေ့ဝက်သတ်၊ နွားတွေ့နွားသတ်၊ လူတွေ့ လူကိုပါ သတ်နေတာမို့ စစ်တပ်နဲ့မတွေ့အောင် ပုန်းခိုနေကြရတယ်” ဟု ပုလဲမြို့နယ်တွင် စစ်ဘေးရှောင်နေရသည့် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မြကုန်းကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ မွေတုံးကျေးရွာများရှိ ဒေသခံပြည်သူ ၁၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရပြီး စားဝတ်နေရေးခက်ခဲနေကြရကြောင်း စစ်ရှောင်များထံက သိရသည်။
လက်ရှိတွင် ရွာစဥ်ပတ် စစ်ကြောင်းထိုး ရွာမီးရှိုနေသည့် စစ်ကြောင်းနှင့် ပုလဲနယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးရွာသား အချို့ ပိတ်မိ နေခြင်းများရှိကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-ပုလဲနယ်မှ စစ်ဘေးရှောင်နေရသူအချို့
#စစ်ကောင်စီ #စစ်ကြောင်းထိုးလာ #ပုလဲနယ်ဒေသခံ၁၀၀၀ကျော် #ဘေးလွတ်ရာပြေး #Ayeyarwaddy_Times