နွေဦးမောင်/ဧရာဝတီတိုင်းမ်
မတ် ၅ ရက်
စစ်ကောင်စီတပ်များသည် တွံတေးမြို့ပေါ်မှာတင်သာမက ယခုကဲ့သို့ တွံတေး တောတန်းကြီးဘက်ကိုပါ စစ်ကြောင်းထိုးရှာဖွေမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။
“ဘယ်က ဘယ်လို သတင်းပေးတွေက ပြောလည်းမသိပါဘူးဗျာ။ ဒီလောက်လူတွေ ဒုက္ခရောက်နေတဲ့ဟာ တမင် ဂွင်ရှာချင်လို့ဖြစ်မှာပါ။ မတရားအာဏာသိမ်းထားခဲ့ပြီး ခုမှကြောက်ပြီး နေစရာမရှိဖြစ်နေတာ” ဟု တွံတေးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီသည် တွံတေး၊ ကွမ်းခြံကုန်းမြို့နယ်များတွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကတည်းက ရှာဖွေ စစ်ဆေးမှုများပြုလုပ်နေပြီး ယနေ့ မတ်လ ၅ ရက်နေ့တွင် ကော့မှူး၊ ကွမ်းခြံကုန်း မြို့အဝင်/အထွက်များတွင် ခရီးသွားပြည်သူများကို ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
“PDF တွေ ရောက်နေပြီဆိုပြီး ရပ်ကွက်တွေဝင် ဧည့်စာရင်းတွေစစ် ပိုက်ဆံတောင်းပြီးပြန် လုပ်နေတာကြာပြီ။ အခုကတော့ အတော်လေးခြေရှုပ်နေတာ တောတွေဘက်လည်း စစ်ကြောင်းထိုးတာတွေလုပ်နေတယ်” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောကြားသည်။
ရန်ကုန်မြစ်အတွင်းရှိ စစ်ကောင်စီတပ်၏ လေယာဉ်ဆီတင်သင်္ဘောကို မတ်လ ၁ ရက်နေ့ နံနက်အစောပိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပကဖက ကြေညာပြီးနောက် စစ်ကောင်စီက ယခုကဲ့သို့ တောနင်းရှာဖွေမှုများ ပြုလုပ်လာခြင်းဖြစ်သည်။
#တွံတေးမြို့နယ် #PDF၁၀၀၀ကျော် #စစ်ကောင်စီတပ် #စစ်ကြောင်းထိုးရှာဖွေ #Ayeyarwaddy_Times