
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၅ ရက်
တအာင်းတပ်မတော် TNLA က ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်သည့် မြို့နယ် သုံး ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် (TNLA) က ထိန်းချုပ်ထားသည့် မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ် သုံးခုကို ယမန်နေ့ မတ် ၄ ရက်နေ့ က စစ်အုပ်ချုပ်ရေး ကြေညာကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် ယင်းမြို့နယ် သုံး ခုကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာ စစ်အုပ်ချုပ်ရေး(မာရှယ်လော)ထုတ်ပြန်ခဲ့ပြီး အရှေ့မြောက်တိုင်း စစ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးတင့်ကို အာဏာကုန်လွှဲအပ် လိုက်ကြောင်း ဖော်ပြထားသည်။
“TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်အုပ်ချုပ်ရေး ကြေညာတော့ ဘာလုပ်ရမလဲ။ ဒါပေမဲ့တစ်ခုရှိတာက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့အတွက် အချိန်မရွေး ဗုံးကြဲတာတို့၊ အဲဒီနယ်ထဲကလူတွေ အပြင်ရောက်လာ ရင် မာရှယ်လောနဲ့ညှိပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ မလုပ်နိုင်ဘူးလို့ ပြောမရဘူး။ အဲဒီလိုလုပ်ချင်လို့ မာရှယ်လောထုတ်တာလို့ မြင်တယ်”ဟု CDM တပ်မတော်သားအရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ် သုံး ခုကို အရှေ့မြောက်တိုင်း(ရမခ)စစ်တိုင်းမှူးက လိုအပ်သလို စီမံအုပ်ချုပ်ပိုင်ခွင့်ရှိပြီး တရားစီရင်ရေး၊ လုံခြုံရေးနှင့်ပတ်သက်သည့် အရာအားလုံးလုပ်ပိုင်ခွင့် ပြုကြောင်း ဆိုထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့ နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ယမန်နေ့ မတ် ၄ ရက်နေ့တွင် ထပ်တိုး၍ စစ်အုပ်ချုပ်ရေးကြေ ညာခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ယမန်နေ့ မတ် ၄ ရက်နေ့ကအထိ မြန်မာနိုင်ငံအတွင်းရှိသည့် မြို့နယ်များမှ မြို့နယ်ပေါင်း ၆၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာချက် ထုတ်ခဲ့ပြီး ဆိုင်ရာစစ်တိုင်းမှူးများကို လုပ်ပိုင်ခွင့်အာဏာပေးထားခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့အုပ်ချုပ်၍မရဘဲ ဆုံးရှုံး သွားသည့် နယ်မြေများကို ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးများ လိုက်လံကြေညာချက်ထုတ်ခြင်းမှာ ၎င်းတို့ကိုထောက်ခံသူများ နှင့် စစ်ကောင်စီတပ်တွင်း၌ ယုံကြည်မှုရှိစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ- TNLA ခေါင်းဆောင်းပိုင်းများနှင့်တပ်ဖွဲ့၀င်များမှ ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများတွင် အုပ်ချုပ်ရေးများစတင်နေသည့်ပုံများ(ပုံဟောင်း)
#TNLAထိန်းချုပ်နယ်မြေ #စစ်ကောင်စီ #စစ်အုပ်ချုပ်ရေးကြေညာ #ရမခ #Ayeyarwaddy_Times