နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၅ ရက်

ရခိုင်ပြည်နယ်ရှိ၊ မြို့နယ်သုံးမြို့နယ်မှ ရိုဟင်ဂျာလူငယ် ၁၀၀၀ ဦးဝန်းကျင်ကို စစ်ကောင်စီတပ်က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ စစ်သင်တန်းပေးနေကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူများထံက သိရသည်။

စစ်ကောင်စီက အရွယ်ရောက်သူ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အတည်ပြုပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်း ကျောက်ဖြူ၊ စစ်တွေနှင့် ဘူးသီးတောင်မြို့နယ်တို့မှ အဆိုပါရိုဟင်ဂျာ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ ၁၅ ရက်တာ စစ်သင်တန်းပေးခဲ့ရာ တချို့ သင်တန်းပြီးတော့မည်ဖြစ်ကြောင်း ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ထံက သိရသည်။

“ဒီသင်တန်း ပြီးသွားလို့ရှိရင် AA နဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ လူသားဒိုင်းအနေနဲ့ သုံးမှာကို သေချာပေါက် ယူဆတယ်။ ဒါက ရခိုင်အသိုင်းအဝိုင်းနဲ့ နားလည်မှု လွဲတာတွေဖြစ်လာပြီးတော့ တင်းမာတဲ့ အခြေအနေတစ်ခု ဖြစ်လာမှာကိုလဲ အားလုံးက စိုးရိမ်ကြတယ်” ဟု အဆိုပါအဖွဲ့၏ ပူးတွဲတည်ထောင်သူ ဦးနေဆန်းလွင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် တရားဝင်မှုမရှိသည့် စစ်မှုမထမ်းမနေရ ကြေညာချက်ကို အသုံးချကာ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများအား အဓမ္မစစ်သား စုဆောင်းမှုများ ပြုလုပ်ရန် ကြံစည်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုး(NUG) နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကလည်း အသိပေး ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးဒုက္ခသည် ကယ်ဆယ်ရေး စခန်းမှ ရိုဟင်ဂျာလူငယ် ၁၆၀ ဦးဝန်းကျင်ကို စစ်တပ်အတွင်းဝင်ရောက်ရန် ယင်းဒုက္ခသည်စခန်း အုပ်ချုပ်ရေးများမှတစ်ဆင့် အတင်းအဓမ္မ ဖိအားပေးခဲ့ကြောင်း သိရသည်။

သို့သော် စစ်ကောင်စီတပ်အတွင်းသို့ ဝင်ရောက်လိုသူမရှိသောကြောင့် နောက်ဆုံးတွင် စစ်ကောင်စီတပ်က လူ ၁၀၀ ဦးကျော်ကို လာရောက်ဖမ်းဆီးသွားပြီး တစ်ချို့ တိမ်းရှောင် သွားသော ရိုဟင်ဂျာလူငယ်များ၏ မိသားစုများကိုလည်း ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ ကြောင်း ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ဦးနေဆန်းလွင်က ဆိုသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် လက်အောက်ခံ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရ ဦးလှသိန်းတို့ကမူ ဒုက္ခသည်စခန်းများမှ ရာနှင့်ချီသော ရိုဟင်ဂျာများကို မြန်မာနိုင်ငံသား မဟုတ်သည့်အတွက်ဟုဆိုကာ စစ်မှုထမ်းခိုင်းမည် မဟုတ်ကြောင်းနှင့် အဆိုပါသတင်းမှာ ဟုတ်မှန်ခြင်းမရှိကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာနှင့် သတင်းစာများတွင် ငြင်းဆိုထားသည်။

“မြေပြင်နဲ့ချိတ်မိတဲ့အချိန်မှာ စစ်ကောင်စီဘက်ကနေပြီးတော့ အစည်းအဝေးခေါ်တယ် လို့ ကြားရတယ်။ မော်လဝီတွေရယ်၊ ကျောင်းဆရာတွေရယ်ကို အစည်းအဝေးခေါ်တယ်။ စစ်မှုထမ်းဥပဒေအတွက် တစ်အိမ်ကိုတစ်ယောက် စစ်မှုထမ်းပေးပါဆိုပြီးတော့ အဲ့ဒီ အစည်းအဝေးမှာ ပြောတယ်လို့ ပြောတယ်ပေါ့နော်” ဟု ရိုဟင်ဂျာအရေး တက်ကြွ လှုပ်ရှားသူ ရိုသင်းသင်းလှိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ စစ်တွေမြို့နယ်တွင်လည်း ဖေဖော်ဝါရီ ၁၅ ရက်က ဒုက္ခသည်စခန်းနှင့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများကိုခေါ်ယူ၍ ရွာကြီးဆိုလျှင် လူ ၁၀၀ ဦး၊ ရွာငယ်ဆိုလျှင် လူ ၅၀ ဦး မဖြစ်မနေ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီက ဖိအားပေးခဲ့ ကြောင်း သိရသည်။

“အဲ့မှာကတော့ အတင်းအကျပ် မလုပ်ဘူးဆိုတဲ့ ပုံစံမျိုးတော့ ပြောတယ်။ ဒါပေမယ့် နောက်နေ့မှာ စစ်ကားတွေနဲ့ camp (ဒုက္ခသည်စခန်း)တွေရော၊ ရွာတွေရော လွှတ်ပြီးတော့ မဖြစ်မနေ ဝင်ရမယ်ဆိုပြီးတော့ ပြောတယ်။ နောက်ဆုံးမှာ ဘယ်လိုဖြစ်သွားလဲဆိုတော့ camp အုပ်ချုပ်ရေးတွေကို ဖိအားပေးပြီးတော့ အယောက် ၃၀၀ လောက်ကို အတင်း အဓမ္မ သွင်းတယ်” ဟု ဦးနေဆန်းလွင်က ဆိုသည်။

စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကြုံတိုင်း ရက္ခိုင်ဒေသအတွင်းရှိ ရက္ခိုင်နှင့် မူဆလင်(ရိုဟင်ဂျာ) အသိုင်းအဝိုင်းတို့အကြား လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခများဖြစ်ပွားစေရန် ကြိုးပမ်းလေ့ရှိပြီး ယခုတစ်ကြိမ်တွင်လည်း နည်းလမ်းဟောင်း အတိုင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် လူမျိုးအသိုင်းအဝိုင်းနှစ်ခုအကြား ရန်တိုက်ပေးနေကြောင်း ရက္ခိုင့်တပ်တော်(AA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

“စစ်ကောင်စီဘက်က စစ်မှုထမ်းမယ်ဆိုလို့ရှိရင် သူတို့မက်လုံး ပေးထားတာက တရားဝင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးမယ်။ နိုင်ငံသားကဒ်တွေလဲ ထုတ်ပေး မယ်ဆိုတဲ့ ပုံစံမျိုးတော့ ကြားတယ်ပေါ့နော်။ အဲ့ဒါ မြေပြင်ကနေပြီးတော့ ကျွန်တော် တိုက်ရိုက် ကြားတဲ့စကားပါ” ဟု ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုသင်းသင်းလှိုင် က ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့တပ်ထဲ သွင်းလိုက်သော ရိုဟင်ဂျာများကို မြန်မာငွေ ငါးသောင်းကျပ်နှင့် ဆန်တစ်အိတ် ပေးသည်ဟု ကြားသိရသကဲ့သို့ နောက်ပိုင်းတွင်မူ နိုင်ငံသားစိစစ်ရေးကဒ် (မှတ်ပုံတင်) ထုတ်ပေးကာ တစ်လလျှင် လစာ ၁ သိန်းခွဲ ပေးမည်ဟု ပြောဆို၍ လက်တလောတွင် စစ်သင်တန်းပေးနေကြောင်း သိရသည်။

“အဲ့လိုမျိုးပဲ ဘူးသီးတောင်မှာလည်း ရွာလေးရွာကနေပြီးတော့ အယောက် ၁၀၀ ကျော်ကို ဖမ်းသွားတယ်။ နောက်ရွာတွေကနေပြီးတော့ ဖမ်းဆီးသွားတာတွေလဲ ရှိတယ်။ အင်တာနက်ကလည်း အလုပ်မလုပ်ဘူး၊ ဖုန်းလိုင်းတွေကလည်း ပျက်နေတယ်ဆိုတော့ ရသလောက်သတင်းကိုပဲ ကျွန်တော်တို့ ယူရတဲ့အနေအထားမှာ ရှိတယ်” ဟု ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ဦးနေဆန်းလွင်က ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်း ဥပဒေကို ခုတုံးလုပ်ကာ မူဆလင်(ရိုဟင်ဂျာ) အသိုင်း အဝိုင်းအား စစ်မှုထမ်းစေရန် ကြိုးပမ်းနေခြင်းမှာ သာမန်ပြည်သူလူထုကို စစ်မြေပြင် သေတွင်းသို့ တွန်းပို့နေခြင်းဖြစ်ရုံသာမက ရက္ခိုင်ဒေသ၏ အနာဂတ် တည်ငြိမ်အေးချမ်း ရေး၊ ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပါ ရိုက်ချိုးဖျက်ဆီးရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ဖော်ပြထားသည်။

ယင်းအပြင် စစ်ကောင်စီ၏ မူဆလင်(ရိုဟင်ဂျာ) အသိုင်းအဝိုင်းအား စစ်မှုထမ်းစေရန် ယခုကဲ့သို့ အတင်းအကျပ် ကြိုးပမ်းအားထုတ်လာနေခြင်းမှာ ဒေသတွင်း မတည်မငြိမ် ဖြစ်မှုများကို ပိုမိုကြီးထွားစေသည်။ မူဆလင်(ရိုဟင်ဂျာ) အသိုင်းအဝိုင်းနှင့် အခြားသော ရက္ခိုင်ဒေသနေ ပြည်သူများအကြား ကြီးမားရှည်ကြာသော ပဋိပက္ခကိုသာ ဖြစ်စေလျက် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက် ပိုမိုဝေးကွာ သွားစေမည်ဖြစ်သည်ဟု AA က အသိပေးထားသည်။

“ဒါဟာ အတင်းအဓမ္မ ဖမ်းဆီးပြီးတော့ သင်တန်းပေး နေတာကတော့ လူတိုင်း သိကြတယ်ပေါ့နော်။ တိုက်ပွဲတွေမှာလဲ ရိုဟင်ဂျာတွေကို စစ်တပ်က ပစ်မှတ်ထားပြီး တော့ ပစ်ခတ်တာတွေရှိတယ်။ ဒဏ်ရာရတာတွေလဲ အများကြီးပဲ၊ ဆုံးတာတွေလဲ အများကြီးပဲဆိုတော့ ဒါတွေကလဲ တစ်ဖက်မှာ ရှိနေတယ်။ အခြေအနေက တော်တော် လေး ဆိုးရွားနေတယ်ဆိုတဲ့ အနေအထားမှာရှိတယ်” ဟု ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ဦးနေဆန်းလွင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရသော စစ်ကောင်စီသည် စစ်ပွဲ အတွင်း ရိုဟင်ဂျာများကို လူသားဒိုင်းအဖြစ် အဓမ္မစေခိုင်းခြင်း အပါအဝင် လူ့အခွင့် အရေး ချိုးဖောက်မှုများ ပိုမိုကျုးလွန်နိုင်ရန် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း NUG က ဆိုသည်။

ထို့အပြင် ရိုဟင်ဂျာ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်၍ ၎င်းတို့၏ အကျိုးစီးပွါး အာဏာအား အကာအကွယ် ရယူရန်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးစုများအကြား ယုံကြည်မှုပျက်ပြားပြီး လူမျိုးရေး၊ ဘာသာရေး ပြဿနာများ ဖြစ်ပွားလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်ဟု ထုတ်ပြန် ဖော်ပြထားသည်။

ပုံစာ-၂၀၂၃ ခုနှစ်အတွင်းက ရခိုင်မှနေ၍ ဧရာ၀တီတိုင်းအတွင်းသို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်

#ရခိုင်ပြည်နယ် #ရိုဟင်ဂျာ၁၀၀၀ခန့် #စစ်ကောင်စီ #အတင်းအဓမ္မ #ဖမ်းဆီးခေါ် ဆောင် #စစ်သင်တန်းပေး #Ayeyarwaddy_Times