ဧရာဝတီတိုင်းမ်
မတ် ၅ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်အတွင်းတွင် PDFများကို သင်တန်းပေးနေ​ဟုဆိုကာ မတ်လ ၄ ရက်နေ့က ကျေးရွာအချို့ကို စစ်ကောင်စီတပ်သားများ လာရောက်ရှာဖွေနေကြောင်း ဒေသခံများထံမှသိရှိရသည်။

ငပုတောမြို့နယ် မရမ်းကွင်းကျေးရွာသို့ စစ်ကောင်စီတပ်သား ၂၀ခန့် ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းတွင်တည်းခိုကာ ကျေးရွာ ၁၀ရွာထက်မနည်းကိုစစ်ကြောင်းထိုးမည်ဟု သိရသည်။

“တောထဲထင်းခုတ်၊ ဟင်းရွက်ခူး သွားတဲ့လူတွေ
ကတော့ မသွားရဲကြတော့ဘူး မထင်ရင်မထင်သလိုဖမ်းကြတာဆိုတော့ ဒီဘက်တွေမှာ ဘာသင်တန်းမမှ မကြားပါဘူးသတင်းအမှားပါ “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ၃ရက်ခန့်က စစ်တပ်ထောက်ခံသူများ ၏ လူမှုကွန်ယက် facebook ၊Tittokများတွင် ငပုတောမြို့နယ်ရှိ သစ်တောများတွင် PDFတပ်ဖွဲ့မှ သင်တန်းများပို့ချနေကြောင်း သတင်းများ ရေးသားပြီးနောက်ပိုင်း ယခုကဲ့သို့ စစ်ကြောင်းထိုးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။

“အမှန်က ရှေ့တန်း သွားရမှာဆိုလို့ သူတို့ပဲ သတင်းကိုတင်ပြီး လာရှာတာ အဲ့ဘက်မှာ တစ်လလောက် ရှာတဲ့ပုံပြမယ် ဟိုလူဒီလူ ဖမ်းပြီးငွေညှစ်မယ် ဒါမျိုးတွေ လုပ်နေတာ”ဟု စစ်ကောင်စီတပ်မှ အငြိမ်းစားယူထားသူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်အတွင်း ငပုတောမြို့နယ်ငရုတ်ကောင်းနှင့်ဟိုင်းကြီး ဘက်ရှိ သစ်တောများတွင် PDFစခန်း အချို့ ကိုစစ်ကောင်စီကတွေ့ရှိခဲ့ပြီး ဒေသခံပြည်သူ ၁၅ဦးခန့် ကို ကူညီပေးသည်ဟု စွပ်စွဲကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧရာ၀တီတိုင်းရှိ ရခိုင်ရိုးမနှင့်ထိစပ်နေသော ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်၊ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်း၊ မော်တင် တို့တွင် သစ်တောများအတွင်း စစ်ကောင်စီတပ်မှတောနင်းရှာဖွေမှုများအမြဲပြုလုပ်လေ့ရှိသည်။

#ငပုတောမြို့နယ် #PDF #သင်တန်း #စစ်ကောင်စီ#
#Ayeyarwaddy_Times