ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ မတ် ၅ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာရှိ စားသောက် ဆိုင်တစ်ခုအတွင်း စားသောက်ရင်း ခရီးသွားလာသည့် ဆိုင်ကယ်များကို ဖမ်းဆီးငွေညှစ်ရန် စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို ပြီးခဲ့သည့် မတ် ၃ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်-ပြည် ကားလမ်းဘေးတွင် ခရီးသွားလာသည့် ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးကာ ငွေညှစ်နေသည့် ရဲတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အိုးသည်ကုန်းရဲစခန်းမှ နယ်ထိန်းရဲ မင်းသွေးမှာပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်းတို့နှင့်တစ်ဝိုင်းထဲတွင်အတူထိုင်နေသည့် အရပ်သားတစ်ဦးလည်းသေဆုံးခဲ့ကြောင်း သိရသည်။

ထိုပြင် ကိုဖုန်းမြင့်အောင်ဆိုသည့် ရဲတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ကျန်ရဲနှင့် ပျူစောထီး အဖွဲ့ဝင်များမှာ ထွက်ပြေးသွားကြကြောင်း သိရသည်။

“သူတို့အဖွဲ့က ‌ဆိုင်ကယ်ဖမ်းနေတာကြာပြီ။ လိုင်စင်ကအစ အကုန်အပြည့်အစုံပါလဲ ရှာကြံပြီးဖမ်းတယ်။ ပြည်သူတွေ တိုင်ထားတာ တစ်နှစ်ကျော်ကြာပြီ။ အခုမှအခြေအနေပေးလို့။ အဓိကက စခန်းမှူးကိုရှင်းမလို့။ အခုက သူမပါဘူးဖြစ်သွားတာ။ လက်နက်တွေတော့ကောက်မမီဘူး။ ချက်ခြင်းပစ်ပြီးပြန်ဆုတ်ရတာဆိုတော့။ ဘေးမှာ ပြည်သူတွေကလည်း သွားလာနေတဲ့အတွက် အကုန်လုံးကိုလိုက်ပစ်လို့မရဘူးဖြစ်သွားတယ်။ ပစ်ခံရတာနဲ့သူတို့က နေရာအစုံကိုထွက်ပြေးကြတော့” ဟု မြေအောင်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အဆိုပါနေရာအနီးတဝိုက်နှင့် ပျူစောထီးအဖွဲ့ဝင်များကိုပါ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဝင်ရောက် တိုက်ခိုက်မှုအတွင်း အဆိုပါရဲတပ်ဖွဲ့ဝင်များနှင့်အတူ တစ်ဝိုင်းထဲထိုင်နေသည့် ပြည်သူတစ်ဦးသေဆုံးခဲ့ရခြင်းအတွက် စိတ်မကောင်းဖြစ်ရပြီး ကျန်ရစ်သူမိသားစုကိုလည်း အနူးအညွတ်တောင်းပန်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က ထုတ်ပြန်ထားသည်။

ထို့ပြင် အုတ်ဖိုမြို့နယ်အတွင်း ယခုကဲ့သို့စစ်ဆင်ရေးများကို ထပ်မံပြုလုပ်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ဌာနဆိုင်ရာရုံးများ၊ စစ်ကောင်စီတပ်ဖွဲ့များ သွားလေ့သွားထရှိ‌သည့် နေရာများ၊ တပ်ဖွဲ့ဝင်များရှိရာနေရာများ အနီးသို့ နေထိုင်သွားလာခြင်းမပြုကြရန် သတိပေးပြောဆိုထားသည်။

ပြီးခဲ့သည့် ဖေ‌ဖော်ဝါရီ ၂၅ ရက်နေ့ကလည်း အုတ်ဖိုမြို့‌ပေါ်ရှိ စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက မီးလောင်ဗုံးခွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးစာရေး တစ်ဦး၊ နယ်မြေခံစရဖအရာရှိ တစ်ဦး၊ စခန်းတာဝန်ခံ ဗိုလ်ကြီး တစ်ဦး တို့ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ပြီး ရုံးခန်းနှင့်အဆောင်များလည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်
ပုံစာ – စစ်ကောင်စီအဖွဲ့ဝင်များက စစ်ဆေးနေပုံ

#အုတ်ဖို #ဆိုင်ကယ်စစ်ဆေး #အိုးသည်ကုန်းရဲစခန်း #နယ်ထိန်းသေဆုံး #ပစ်ခတ်ခံရ #PDF #Ayeyarwaddy_Times