
ဧရာဝတီတိုင်းမ်
(မတူပီ)၊ မတ် ၄ ရက်
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ တတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ကို တပ်ရင်းများဖြင့် ဖွဲ့စည်းပုံအနေအထားမှ တပ်မဟာ- နှစ်ခုအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါညီလာခံ၏ ဆုံးဖြတ်ချက်အရ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ကို ယခင်ဖွဲ့စည်းပုံတပ်ရင်း ငါးရင်း အထိရှိရာ လက်ရှိတွင် တပ်ရင်း ခြောက်အထိ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ အိုင်ဒပ်တပ်ရင်း(တပ်ရင်း-၆)အား အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်းမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ကို ဌာနချုပ်ဗဟိုစနစ်ပုံစံနဲ့ ဖွဲ့စည်းပြီး တော်လှန်ရေးကို လုပ်လာခဲ့တာပေါ့နော်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ချင်းလဲန်း၊ ချင်းပြည်အစိုးရနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဆိုပြီး ကောင်စီနှစ်ခုဖြစ်လာတဲ့အခါမှာ ချင်းလဲန်း၊ ချင်းပြည်ဘက်ပါဝင်တဲ့ တပ်ရင်းနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဘက်ကို ပါဝင်လိုတဲ့ တပ်ရင်းတွေရှိလာတဲ့အတွက် တပ်မဟာ(၁) ၊ တပ်မဟာ(၂) ပုံစံနဲ့ပြောင်းလဲဖွဲ့စည်းခဲ့တာပါ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)တပ်မဟာ-၁ နှင့် တပ်မဟာ-၂ ပြောင်းလဲဖွဲ့စည်းမှုနှင့် ပတ်သက်၍ တပ်မဟာရုံးချုပ်ပုံစံကို ထပ်မံဖွဲ့စည်းရန် ပြင်ဆင်လျက်ရှိကြောင်းသိရပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၁ နှင့် တပ်ရင်း-၅ သည် တပ်မဟာ-၁ ထဲအဖြစ်ဖွဲ့စည်းကာ တပ်ရင်း-၂ ၊ တပ်ရင်း-၃၊ တပ်ရင်း-၄နှင့် တပ်ရင်း-၆ တို့ကို တပ်မဟာ-၂ အဖြစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ -CDF-မတူပီ။
#ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) #တပ်ရင်းများဖွဲ့စည်းထား #ဗဟိုဖွဲ့စည်းပုံ #တပ်မဟာနှစ်ခုအဖြစ် #ပြောင်းလဲဖွဲ့စည်း #Ayeyarwaddy_Times