
ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ မတ် ၄ ရက်
ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့၊ ဘန့်ဘွေးကုန်းရွာရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ယာယီစခန်းငယ်တစ်ခုကို စီးနင်းရန် ယမန်နေ့ မတ် ၃ ရက်နေ့၊ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်တပ်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
အင်အား ၄၇ ဦးပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းကို စီးနင်းရန် စစ်ကြောင်းထိုးလာကြောင်း ကြိုတင်သတင်းရရှိသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းများထောင်ကာ စခန်းစွန့်ခွာခဲ့သည်။
ထိုသို့ စခန်းစွန့်ခွာပြီးနောက် စစ်ကောင်စီ စစ်ကြောင်းရောက်ရှိကာ စခန်းကို မီးရှို့နေစဉ် အဝေးထိန်းမိုင်းဖြင့် ဖေါက်ခွဲခဲ့ရာ စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။
“စစ်ကောင်စီတပ်က တောက်လျှောက်အတိုက်ခံရပြီးတဲ့နောက် ရုပ်ဆိုင်ရွာ ဘုန်းကြီးကျောင်းထဲကနေ ဘယ်မှမထွက်ဘူး။ ကင်းတောင်မပတ်ဘူး။ အခုလက်ရှိက ဆိုင်နေတယ်။ တိုက်ပွဲတော့ ထပ်ဖြစ်တာမရှိသေးဘူး။ ခုရောက်လာတာ ပေါက်ခေါင်း ဘက်က တပ်ဖွဲ့တွေ အင်အားထပ်ဖြည့်ပြီးထွက်လာတာ။ နယ်မြေတွေကဆက်စပ်နေ တော့ ပေါင်းတည်ဘက်ကိုရောက်လာတာ” ဟု ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အဆိုပါနေ့တွင်ပင် သိမ်ကုန်းရွာ အလယ်စခန်းမှ လက်နက်ခဲယမ်း အင်အား ဖြည့်တင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် သုံး ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ပြီး ရုပ်ဆိုင်ကျေးရွာဘုန်းကြီးကျောင်းအတွင်း သို့ ထပ်မံ ဝင်ရောက်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၁ PPDF) တပ်ရင်း၊တပ်ခွဲ-၂၊ တပ်ခွဲ-၃၊ တပ်ခွဲ-၅၊ ၃၆၀၂ PDFတပ်ရင်း၊ တပ်ခွဲ-၃ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြည်ခရိုင်းအတွင်း ပေါက်ခေါင်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်ကြား နယ်မြေဆက်စပ် နေသည့် နေရာများတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်ပတ်ခန့် ရှိလာပြီဖြစ်ကာ ပြီးခဲ့သည့် မတ် ၁ ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာ အုပ်စုအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#ပေါင်းတည် #ပေါက်ခေါင်း #တိုက်ပွဲ #စစ်ကြောင်းထိုး #စစ်တပ် #မိုင်းဆွဲတိုက်ခိုက်ခံရ #PDF #Ayeyarwaddy_Times
Boost this post to reach up to 5529 more people daily if you spend $28.