ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂ ရက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရွှေနံ့သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလင်မယား သြဂုတ်လ ၂ ရက် ဒီကနေ့မနက်ပိုင်းမှာ ပစ်သတ်ခံခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ရွှေနံ့သာကျေးရွာအုပ်စု ပေါင်းကူဥာဏရပ်ကွက် ဒေါ်ငိုတံတားလမ်းမှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဝင်းနိုင်ထွန်းရဲ့ကားကို မိုင်းခွဲပြီး အမည်မသိလူတွေက သေနတ်နဲ့ပစ်သတ်သွားတာလို့သိရပါတယ်။

ဦးဝင်းနိုင်ထွန်းဟာ ပုလဲမြို့သစ်၊ရွှေနံ့သာအုပ်စု ၅ ရွာရဲ့ အုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သလို စစ်ကောင်စီတပ်ရဲ့အကြီးတန်းသတင်းပေးဖြစ်ပြီး ဧည့်စာရင်းတိုင်တဲ့ကိစ္စတွေ တခြားအုပ်ချုပ်မှုကိစ္စတွေမှာ ပြည်သူလူထုကို တအားရစ်တဲ့သူလို့ ဒေသခံတဦးကပြောပါတယ်။

” သူက ရွှေနံသာအုပ်စု အုပ်ကြီး။ နီလာ၊ပတ္တမြား၊ရွှေနံသာ၊ငွေနံ့သာ၊ပေါင်းကူ အဲ့ဒီရပ်ကွက်နဲ့ရွာတွေ ၅ ရွာရဲ့အုပ်ချုပ်ရေးမှူး။ ရုံးထိုင်တာက ပုလဲအိမ်ယာမျက် စောင်းထိုးက ဒီပုလဲရဲကင်းဘေးကရုံးမှာထိုင်တာ။ မနက်က ကလေးကျောင်းပို့တဲ့ချိန်ပစ်ခံရတာ။ လင်မယား ၂ ယောက်သေတယ်။ ဧည့်စာရင်းတိုင်တာတွေနဲ့ ဧည့်စာရင်းစစ်တာတွေမှာ တအားရစ်တယ်” လို့ ရွှေနံ့သာကျေးရွာက အမည်မဖော်လိုသူ ဆိုင်ကယ်ကယ်ရီသမား ၁ ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီပစ်ခတ်ရှင်းလင်းမှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တစုံတရာထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။

အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုနဲ့ ရွှေနံသာကျေးရွာအုပ်စုအတွင်း အမှတ် ၃ လမ်းမအပါအဝင်လမ်းတွေကိုပိတ်ဆို့စစ်ဆေးနေပြီး ဆိုင်ကယ်တွေကိုလည်းဖမ်းဆီးတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဓာတ်ပုံ – CJ